ဒေးဒရဲ ၂၉  သြဂုတ် 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အိုင်အိုဒင်းဆားများ အရည်အသွေး ပြည့်မီစေရေး စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်ခြောက်ဆိုင်များနှင့် ဆားစက်များအား  ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်မိုးမိုးလှိုင်ခေါင်းဆောင်သော မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စည်ပင်သာယာမြို့မဈေးအတွင်းရှိ   ကုန်စုံဆိုင်များနှင့် အမှတ်(၂) ရပ်ကွက် ကမ်းနားလမ်းရှိ ပြည့်ဖြိုးအောင်ဆားစက်တို့တွင် သုံးစွဲ၊ ရောင်းချနေသော ဆားများအား  အိုင်အိုဒင်းဓာတ် ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးခဲ့သည်။


အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကလေးအသေ မွေးဖွားခြင်း၊ ကလေးငယ်များတွင် ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးငယ်များ ဉာဏ်ရည်နိမ့်ကျသည့် ရောဂါဖြစ်ခြင်းနှင့် လည်ပင်းကြီးရောဂါများ ဖြစ်ပွားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


မြင့်မြင့်ခိုင်(ဒေးဒရဲ)