ချောင်းဦး  ၂၉    သြဂုတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် နွယ်ခွေကျေးရွာအုပ်စု ချောင်းမကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်အသင်းသာများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ အတိုးအရင်းများ ပဉ္ဓမအကြိမ် ထုတ်ချေးပေးအပ်ပွဲကို  ယနေ့ နံနက်ပိုင်းက    ချောင်းမကျေးရွာ ရွာဦး ဘုန်းကြီးကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ခင်စိုးဝင်းက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ရေရှည် အကျိုးဖြစ်ထွန်းစေရန် စီမံကိန်းဝင် အသင်းသားများအနေဖြင့် ယခုထုတ်ချေးပေးသည့် စီမံကိန်းရန်ပုံငွေများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ သုံးစွဲလုပ်ကိုင် ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်က ချောင်းမကျေးရွာရှိ မြစိမ်း ရောင်ကျေးရွာစီမံကိန်းဝင် အသင်းသား၊ အသင်းသူ(၂၄၁)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ပဉ္ဓမအကြိမ် အတိုးအရင်း ငွေကျပ် ၄၃၃၈၀ဝ၀ဝ ကို အသင်းဝင်များထံ လက်ဝယ်အရောက် ထုတ်ချေး ပေးခဲ့ကြောင်း  သိရသည်။

 

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိန်သန်းက ချောင်းမကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ မိမိတို့ကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် အမှန်တကယ်အကျိုးရှိသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းချေးငွေရယူ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် မိသားစုအချို့ သိသိသာသာ တိုးတက်ပြောင်းလဲလာကြောင်း၊ ယခုနှစ်တွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်သည့်  ယက္ကန်းလုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောပြသည်။

 

ပဉ္ဓမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာရန်ပုံငွေအတိုးအရင်များ  ထုတ်ချေးပေးရာသို့ ချောင်းဦးမြို့နယ်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ ချောင်းဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒု-ဦးစီးမှူး ဦးမောင်မောင်မျိုးခိုင်၊ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်စိုးဝင်းနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ချောင်းမကျေးရွာ မြစိမ်းရောင် ကော်မတီဝင်များ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အိအိအောင် (ချောင်းဦး)