ပိိုုင်ကျုံ  ၂၉  သြဂုတ်  

 

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုယ်ဝန်ဆောင်မိခင်လောင်းများအနေဖြင့် အာဟာရပြည့်ဝစေရန်၊ အသက်(၂)အောက် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန် စီမံထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ကရင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က မိခင်လောင်းများအနေဖြင့် မိမိတို့၏ မျိုးဆက်သစ် ရင်သွေး ငယ်များအား သက်ဆိုင်ရာကျန်းမာရေးဌာနမှ ဝန်ထမ်းများ၏လမ်းညွန်မှုများအတိုင်း ကျွေးမွေးပြုစုစောင့်ရှောက်ပြီး ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝပြီးထူးချွန်ထက်မြက်သော အနာဂတ်ကလေးများ ကိုမွေးထုတ်ပေးရန် တိုက်တွန်းပြောကြားသည်။ 

 

ဆက်လက်၍ ပိုင်ကျုံမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၁၇၈၇)ဦးနှင့်အသက်(၂)နှစ်အောက်ကလေး (၂၀၃၅)ဦး စုစုပေါင်း(၃၈၂၂)ဦးအတွက် ထောက်ပံ့ငွေ (၁၆၆)သန်း(၆)သိန်း (၅)ထောင်ကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပိုင်ကျုံမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး၊လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးမှူး၊ ပိုင်ကျုံမြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင် ရာများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက် ကလေးငယ်များတက်ရောက်ကြောင်း သိရသည်။

 

ဒေါနလင်း (ပိုင်ကျုံ)