စလင်း ၂၉ သြဂုတ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဘန့်ပြင်ကျေးရွာတွင် ပြည်သူ၊ ကျေးလက်၊ UNICEF တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ ထံမှသိရသည်။
အဆိုပါ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုထည့်ဝင်ငွေကျပ် ၁၁ဒသမ၂၇၉သန်းဖြင့် လေးလက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန်၅၀ဝ၀ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ UNICEF မှထောက်ပံ့ပစ္စည်း များဖြစ်သော 80 Watt ဆိုလာ ၃၂ချပ်၊ Solar Water Pump တစ်လုံး နှင့် ရေပိုက်လိုင်းသွယ်တန်း ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။
ဘန့်ပြင်ကျေးရွာ သောက်သုံးရေရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညွန့်ကြည်နှင့် တာဝန်ရှိသူများမှ ယနေ့နံနက်၁၀နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညွန့်ကြည်၊ မင်းဘူးခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျနှင့် တာဝန်ခံအင်ဂျင်နီယာများက စလင်းမြို့နယ် ဘန့်ပြင်ကျေးရွာတွင် ကျေးရွာ ရေရရှိရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ ရေကော်မတီဝင်များအနေဖြင့် ဆိုလာပြား၊ စက်ရေတွင်း၊ စင်မြင့်ရေစင်နှင့် ရေပိုက်လိုင်း များကိုရေရှည်တည်တံ့ခိုင်မြဲအောင် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်သူ ကျေးလက် UNICEF တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စက်ရေတွင်းတူးဖော်ထားမှု၊ ဆိုလာပြားတပ်ဆင်ထားရှိမှု၊ ဂါလန်၅၀ဝ၀ ဆံ့စင်မြင့်ရေစင်တည်ဆောင်ထားရှိမှု၊ ကျေးရွာအတွင်းရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု့ စစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဘန့်ပြင်ကျေးရွာတွင် ပြည်သူ ကျေးလက် UNICEF တို့ ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်မှု ကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၅၇မှ လူဦးရေ ၆၅၆ ဦးတို့မှာ ရေမီတာတစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့်ရာသီမရွေးသောက်သုံးရေများ ဖူလုံစွာရရှိလာတော့မည်ဖြစ်ကြောင်း ကျေးရွာရေရရှိရေးကော်မတီ ဥက္ကဌ ဦးဗိုလ်နိုင် ကပြောပြ၍သိရသည်။
ငြိမ်းသူ(စလင်း)


