နေပြည်တော် ၂၉ သြဂုတ်
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သဘာဝဘေးဒဏ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ (၆၃) သိန်း (၆) သောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ (၈၆)သိန်း (၄)သောင်း နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ (၃၀)သိန်း (၂)သောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှ (၄၄)သိန်း (၈) သောင်း၊ စုစုပါင်းငွေကျပ် (၂၂၅)သိန်းကို ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်တို့မှ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ထံသို့ အလှူငွေများပေးအပ် လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ က လက်ခံရယူသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


