ရန်ကုန်  ၂၉    သြဂုတ် 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့ပေါ်ရှိ ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာ တို့အား Actionaid Myanmar မှ မြို့ပြဒေသရှိ ရပ်ရွာလူထုများအား ပိုမိုဘေးကင်းလုံခြုံစေရေး ရည်ရွယ်ချက်ဖြင့် ငွေကျပ်သိန်း(၂၀၅)ခန့် တန်ဖိုးရှိ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရီဇေယျနော်ရထာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး နှင့် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်း တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် Actionaid Myanmar မှ စီမံကိန်းညှိနှိုင်းရေးမှူး ဦးသီဟအောင်စိုး က ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ရာ “Actionaid Myanmar သည် အာဖရိကနိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း(၅၀)ကျော်တွင် ဖွင့်လှစ်ထားရှိကြောင်း၊ မြန်မာနိုင်ငံအား ၂၀ဝ၆-၂၀ဝ၇ ခုနှစ်မှ စတင်ရောက်ရှိဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ မှ ကူညီထောက်ပံ့ပေးလျက်ရှိရာ၊ ဒလမြို့နယ်တွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးအတွက် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို ရပ်ကွက်နှင့်ကျေးရွာများတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုထောက်ပံ့ပေးအပ်သည့် ပစ္စည်းများသည် ဘေးအန္တရာယ်မဖြစ်ခင်၊ ဖြစ်နေစဉ် နှင့် ဖြစ်ပြီး အချိန်များတွင် ဘေးအန္တရာယ်လျော့ပါးရေးအတွက် အသုံးပြုနိုင်ရန် ကြိုတင်သတိပေးရေးသုံး ပစ္စည်းများ၊ ရှေးဦးပြုစုရေးသုံး ပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ ပါဝင်ကြောင်း၊ မြို့ပြဒေသရှိ ရပ်ရွာလူထုများအား ပိုမိုဘေးကင်းလုံခြုံစေရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာစေရေး အတွက် ရည်ရွယ်၍ ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း”ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်း၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ Actionaid Myanmar မှ ပူးပေါင်းအဖွဲ့အစည်း မန်နေဂျာ Mr Lafir S.S Mohamed ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်စောမောင်၊ မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမြင့်၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်မေရီစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ငြိမ်းအောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ရခိုင်ချောင် (မြောက်)ကျေးရွာ၊ သက္ကယ်ကွင်းကျေးရွာ၊ ရေတံခါးကျေးရွာ၊ ညောင်ချောင်း ကျေးရွာ၊ ဓနုတ်စံပြကျေးရွာ စုစုပေါင်းကျေးရွာ(၅)ရွာ နှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့်  သမ္မတကမ်းခြေရပ်ကွက်၊ ကမာကဆစ်ရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ မှော်စက်ရပ်ကွက်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်တို့ရှိ အုပ်ချုပ်ရေးမှူးတို့ အား အသီးသီးပေးအပ်ခဲ့ပြီး၊ လှူဒါန်းမှုနှင့် ပတ်သက်၍ ရပ်ကွက်နှင့်ကျေးရွာများ ကိုယ်စား သမ္မတကမ်းခြေ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ - နိုင်လင်းကျော်(ဒလ)