၂၉ သြဂုတ်

ဖြူကြည်နေရမယ့် မျက်လုံး လေး ရုတ်တရက်နီလာတာ၊ ပွတ်လိုက်လို့ နီလာတာ စတဲ့ အဖြစ်မျိုး အ ားလုံးကြုံတွေ့ဖူးကြမှာပါ။ တစ်ချို့ဆို သူ့ဘာသာ ပြန်ပျောက်သွားပေမယ့် တစ်ချို့ကျ သေချာစမ်းသပ်စစ်ဆေးပြီး ဆေးကုသဖို့လိုအပ်တာမျိုးတွေ ရှိပါတယ်။ ဒီတော့ ဘယ်လို အကြောင်းတွေကြောင့် မျက်လုံးနီရဲတာတွေ ဖြစ်ရတာလဲ ။

မျက်လုံးနီတယ်ဆိုတာ ဘာကိုပြောတာလဲ ။

မျက်သားဖြူမှာ ပွတ်လိုက်တာဖြစ်ဖြစ်၊ သွေးတွေထွက်လာတာဖြစ်ဖြစ် နီရဲလာတာကို မျက်လုံးနီတယ်လို့ ပြောကြပါတယ်။ မျက်လုံးတစ်ခုလုံး နီနေတာလည်း ဖြစ်နိုင်သလို မျက်လုံးတစ်နေရာတည်း ကွက်ပြီး နီနေတာလည်းဖြစ်နိ်ုင်ပါတယ်။ အကြောင်းအရင်းပေါ် မူတည်ပြီး တစ်ခါတစ်လေ နီရဲနေသလို တစ်ခါတစ်ခါ ပန်းရောင်သန်းတာလောက်ပဲ ဖြစ်တတ်ပါတယ်။

မျက်လုံးနီတာနဲ့အတူ လာတတ်တဲ့ အခြားလက္ခဏာတွေကတော့

မျက်လုံးထဲ တစ်ခုခု ဝင်နေတသလိုဖြစ်တာ

မျက်လုံး ပူစပ်ပူစပ်ဖြစ်နေတာ

မျက်လုံးယားတာ

မျက်လုံးခြောက်တာ

မျက်လုံးအောင့်တာ

မျက်ရည်ပူတွေ မျက်ဝတ်တွေ ထွက်တာ

အလင်းရောင်ကို မခံနိုင်တာ

အမြင်အာရုံ မကြည်လင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

မျက်လုံးနီတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။

မျက်သားဖြူနဲ့ မျက်ကြည်လွှာကြားရှိတဲ့ သေးငယ်တဲ ့သွေးကြောလေးတွေ ဖောင်းလာတာကနေ သွေးရောက်တာများသွားပြီး မျက်လုံးနီတာ ဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်ကြောင့် ကိုယ့်ကြောင့် နဲ့ အခြား မျက်လုံးပြဿနာတွေကြောင့် အရင်မသိသာတဲ့ မျက်လုံးသွေးကြောလေးတွေ ဖောင်းလာရတာပါ။

 ကဲ ဘယ်လိုအကြောင်းအရာ တွေကြောင့်လဲဆိုတော့

ဓာတ်မတည့်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတာ

မျက်လုံးကို အားစိုက်လွန်းလို့ မျက်လုံးက ပင်ပန်းနေတာ

မျက်ကပ်မှန်တွေအရမ်းတပ် လွန်းအားကြီးလို့ဖြစ်တာ

မျက်လုံးပိုးဝင်ပြီး မျက်ကြည်လွှာရောင်တာ နဲ့

မျက်လုံး ရေတိမ်စွဲတာတို့ကြောင့် မျက်လုံးနီရဲလာတာမျိုး ဖြစ်တတ်ပါတယ်။
မျက်သားမှာ ဖြစ်တာမျိုး မဟုတ်ဘဲ မျက်လုံးက သွေးကြောတွေထောင်လာပြီး မျက်လုံးနီလာရတဲ့ ပြဿနာလည်း၇ှိပါသေးတယ်။ ဒါကို ဆေးပညာမှာဆို bloodshot eyes လို့ခေါ်ပါတယ်။ bloodshot eyes ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါ။

ပတ်ဝန်းကျင်ကြောင့်

လေထဲကနေပါလာတဲ့ ဓာတ်မတည့်တဲ့ အမှုန်တွေ

လေထုညစ်ညမ်းမှုတွေ

မီးခိုးငွေ့တွေ၊ ဖုန်မှုန့်တွေ

ရေကူးကန်ထဲက ကလိုရင်းတွေ ကြောင့်နဲ့

နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်တွေ မျက်လုံးနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါမှာ မျက်လုံးနီရဲလာတတ်ပါတယ်။

ပုံမှန် ဖြစ်နေကျ မျက်လုံးပြဿနာတွေဖြစ်တဲ့

မျက်လုံးခြောက်တာ

မျက်ကြည်လွှာရောင်တာ

မျက်ကပ်မှန်ကနေတစ်ဆင့် မျက်လုံးပိုးဝင်တာ

ကွန်ပျူတာ၊ ဖုန်းအသုံးများပြီး မျက်လုံးအောင့်တာ၊

အိပ်ရေးမဝလို့ မျက်လုံးပင်ပန်းတာစတာတွေကြောင့်လည်း မျက်လုံးနီရဲတာမျိုး ဖြစ်တတ်ပါသေးတယ်။

ပြင်းထန်တဲ့ အခြားမျက်လုံးပြဿနာတွေကလည်း မျက်လုံးနီရဲရခြင်းကို ဖြစ်စေတတ်ပါသေးတယ်။

မျက်လုံးပိုးဝင်ခြင်း

မျက်လုံးတွင်း ထိခိ်ုက်ဒဏ်ရာရခြင်း

လောလောလတ်လတ် မျက်လုံးခွဲစိတ်မှုတွေလုပ်ထားခြင်း

မျက်သားရောင်ခြင်း

မျက်ကြည်လွှာအနာဖြစ်ခြင်းနဲ့

ရေတိမ်ဖြစ်တာ စတာတွေက မျက်လုံးနီရဲရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ၊

မျက်လုံးနီတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ။

ပုံမှန်ဖြစ်တတ်တာမျိုးဖြစ်ပြီး ခဏလေးနဲ့ ပြန်ပျောက်သွားမယ့် မျက်လုံးနီတာမျိုးဆို ဆေးခန်းချက်ချင်း သွားစရာမလိုပေမယ့် မျက်လုံးနီတာ ကြာနေပြီ၊ နီတာနဲအတူ မျက်ရည်ပူတွေကျတာ၊ မျက်လုံးအောင့်တာ၊ မျက်လုံးယားတာနဲ့ အမြင်အာရုံ မကြည်လင်တာမျိုးတွေပါ ပါလာရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြပြီး အကြောင်းအရင်းကိုရှာ ကုသရမှာ ဖြစ်ပါတယ်။ ဘေးလူတွေရဲ့ စကားနဲ့ ဟိုမျက်စဉ်းကောင်းတယ် ဒီမျက်စဉ်းဆေးလေး ကောင်းတယ်ဆိုပြီးတော့ လျှောက်မထည့်လိုက်ပါနဲ့။ ကိုယ့်ဖြစ်နေတဲ့ ပြဿနာနဲ့ မကိုက်ဘဲ ပိုဆိုးသွားတတ်လို့ပါ။

ရေးသားသူ- Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”