နေပြည်တော် ၂၉ သြဂုတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗိုလ်တစ်ထောင်မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုး၏ နိုင်ငံ့ဝန်ထမ်းများအပေါ် မြန်မာနိုင်ငံကူးလက်မှတ် လွတ်လပ်စွာ လျှောက်ထားရယူ ခြင်းနှင့် ခရီးသွားလာခြင်း ကန့်သတ်ခဲ့ခြင်းများအား ယခုအချိန်တွင် တရားဝင်ခွင့်ရက် ခံစားပြီး နိုင်ငံရပ်ခြားသို့ သွားလာလည်ပတ်ခွင့်ကို ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသားအားလုံးအတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း ကို မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနနှင့် အဖွဲဲ့အစည်းများရှိ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုတွင် အတည်ပြုခန့်ထားခြင်းခံရသော နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် နိုင်ငံတော်၏ အကျိုးအတွက် ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရသဖြင့် နိုင်ငံ့ ဝန်ထမ်းဥပဒေ ပုဒ်မ ၁၁ ပါ အခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့် ရှိပါကြောင်း။

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် ခွင့်များကို ခံစားခွင့်ပြုရာတွင် နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၌ ပြည်တွင်း၊ ပြည်ပဟူ၍ ခွဲခြားသတ် မှတ် ပြဋ္ဌာန်းထားခြင်းမရှိပါသဖြင့် နိုင်ငံ့ဝန်ထမ်းများက သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသောခွင့်များကို တောင်းခံလာပါက ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ခံစားခွင့်ပြုရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၇၀၊ နည်းဥပဒေ ၇၃၊ နည်းဥပဒေ ၈၇ နှင့် နည်းဥပဒေ ၉၆ တို့ပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲဲ့အစည်းများ၏ စီမံခန့်ခွဲမှုနည်းလမ်းအရ ခွင့်ပေးပိုင်ခွင့် ရှိသူက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံရပ်ခြားသို့ မိမိအစီအစဉ် ဖြင့် ခရီးသွားလာစေခြင်းကိစ္စများအတွက် ခွင့်ခံစားခွင့်ကို ဆောင်ရွက်ပေးနိ်ုင်မည် ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ ကန်ပက်လက်မြို့နယ်ရှိ ခေါနူးစုမ် အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း ပြည်ပမှ ခရီးသွားများ စည်းကမ်းတကျ အပန်းဖြေသွားလာရေးအတွက် မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိစေရန်အတွက် အမှိုက်များ စည်းကမ်းမဲ့စွန့် ပစ်ခြင်း မပြုလုပ်ရန်နှင့် တောင်ဇလပ်ပန်း၊ ချယ်ရီပန်းနှင့် အခြားပန်းများကို ခူးဆွတ်ခြင်း မပြုလုပ်ကြရန် ခေါနူးစုမ်(ဝိတိုရိယ) တောင်ထိပ်သို့ သွားရောက်သည့် လမ်းကြောင်း တစ်လျှောက်တွင် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားခြင်း၊ ဝန်ထမ်းများနှင့် ဒေသခံ လူငယ်များစုပေါင်း၍ အမှိုက်သိမ်းဆည်းခြင်း၊ ပညာပေးဟောပြောခြင်းနှင့် ပန်းများခူး ခြင်းအားတားဆီးခြင်း၊ ခရီးသွားဧည့်သည်များမှ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း မပြုလပ်ရေးအတွက် အမှိုက်စွန့်ပစ်ရန် နေရာများ သတ်မှတ်၍ အမှိုက်ပုံးများ ထားရှိပေးခြင်း၊ ၂ ခန်းတွဲ ယင်လုံအိမ်သာ ၃ လုံး ဆောက်လုပ်ခြင်း၊ တောင်ခြေရှိ ၁၀ မိုင်ခွဲစခန်းတွင် ဝန်ထမ်းများ တာဝန်ချထား၍ စစ်ဆေးခြင်းတို့ကို အမျိုးသားဥယျာဉ်မှ ဆောင်ရွက် လျက်ရှိပါကြောင်း။
ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါး နိုင်သမျှ နည်းပါးစေရန် ခရီးသွားဧည့်သည်များအား တောင်ထိပ်သို့ ကားဖြင့်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်လည်းကောင်း တက်ရောက်ခြင်းကို ပိတ်ထားပြီးဖြစ်ပါကြောင်း၊ ခရီးသွား ဧည့်သည်များ အဆင်ပြေရေးနှင့် ဒေသခံများ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိရေးတို့ အတွက် ဆိုင်ကယ်ကယ်ရီဖြင့် တောင်ထိပ်သို့ ခရီးသည်များပို့ဆောင်ခြင်းကို ခွင့်ပြုပေး ထားပါကြောင်း၊ အမျိုးသားဥယျာဉ်အတွင်းရှိ တောင်ဇလပ်ပန်းများ၊ ချယ်ရီပန်းများနှင့် အခြားပန်းမန်နှင့် သဘာဝအပင်များ ခူးယူ သွားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းတို့ လျော့နည်းစေရန် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် သတိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ဥပဒေနှင့်အညီ အရေးယူခြင်း၊ အမှိုက်စွန့်ပစ်မည့်နေရာများ သတ်မှတ်၍ အမှိုက်ပုံးများထားရှိခြင်းနှင့် ၄င်းအမှိုက်များအား သိမ်းဆည်းဖျက်ဆီးခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၏ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လက်ရှိ အသုုံးမပြုသော၊ အသုံးပြရန်မလိုအပ်တော့သော၊ ရှေ့ဆက်အသုံးပြုရန် အစီအစဉ် မရှိသော မြေနှင့်အဆောက်အဦများ၊ နိုင်ငံတော်အတွက် အရှုံးပြနေပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်နေသော စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုနေသော မြေများကို နိုင်ငံတော်ဖွံ့ဖြိုးရေး အတွက် အသုံးပြုရန် လိုအပ်နေသော ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးနိုင်ရေး(မူဝါဒ) လုပ်ငန်းစဉ်တစ်ခု ချမှတ်ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က နိ်ုင်ငံတော်သမ္မတ ရုံး၏ ညွှန်ကြားချက်အမှတ် (၃/၂၀၁၈)အရ လည်းကောင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ လုပ်ငန်းစဉ်အရလည်းကောင်း၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ မူဝါဒ လုပ်ငန်းစဉ် ၅၂ ချက်အရ လည်းကောင်း၊ မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက်အရ လည်းကောင်း၊ မူဝါဒချမှတ်၍ စိစစ် ဆောင်ရွက်ပေးလျက်ရှိပါသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် (မူဝါဒ) လုပ်ငန်းစဉ်တစ်ခု ချမှတ်ဖော်ဆောင်ပေးရန် လတ်တလောတွင် အစီအစဉ်မရှိ သေးပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်၏ အလုံမြို့နယ်ရှိ မီးရထား လမ်းဟောင်းအား ဆက်လက်အသုံးပြုရန်နှင့် မီးရထားလမ်းဟောင်းမြေအား တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လည်းကောင်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ ကျေးငှက်များ သဘာဝအလျောက် လွတ်လပ် အန္တရာယ်ကင်းစွာ နေထိုင် ကျက်စား အသက်ရှင်ရပ်တည်နိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကောင်း မွန်စေရေး၊ ကျေးငှက်များကို အဆိပ်ချ ဖမ်းဆီးမှုများ မပြုလုပ်နိုင်ရေး၊ နိုင်ငံအတွင်းရှိ ရေကန်၊ ရေအိုင်၊ အင်းများသို့ အဆိပ်သင့် ရေဆိုးများ မဝင်လာစေရေးတို့အတွက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေက လည်းကောင်း၊ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မောက်မယ် မြို့နယ်ရှိ ကျေးရွာများတွင် အိမ်ခြံ၊ မြေကွက်များအတွက် မြေငှားဂရန်ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၏ တောင်သူများ၏ ကျွဲ၊နွားများအတွက် လိုအပ်နေသော နွားစားကျက်မြက်ခင်းများကို ပိုင်ဆိုင်မှုပုံစံ(၇) ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော စကားရပ်ပြောင်းလဲ သတ်မှတ်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်း ကော်မတီဝင် ဒေါ်မာမာခိုင်က အစီရင်ခံစာ တင်သွင်းသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၏ နိုင်ငံအဝန်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖြေရှင်းဆောင်ရွက်သွားနိုင် ရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရပ်ကျွမ်းကျင်သူများ မွေးထုတ် သွားရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို ခရိုင်၊ မြို့နယ်အဆင့်ထိ စနစ်တကျ တိုးချဲ့ဖွဲ့စည်းပြီး ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ အောင်မြင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်း ရာတွင် ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းများ ကျရောက်ခြင်း နှင့် ဆူနာမီဖြစ်ခြင်းတို့သည် အကြိမ်အရေအတွက် များပြားလာပြီး နိုင်ငံတိုင်းတွင် အနည်း နှင့်အများ ကြုံတွေ့နေရပါကြောင်း။
ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့် ဂေဟစနစ်များ ပျက်ယွင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက သတ္တဝါမျိုးစိတ်များနှင့် ဇီဝမျိုးစိတ်များ သည် မူရင်းဒေသမှ ပြောင်းရွှေ့ကုန်ခြင်း၊ မျိုးသုန်းပျောက်ကွယ်မည့် အန္တရာယ်များနှင့် ကြုံတွေ့နေရခြင်း၊ သီးနှံဖျက် ပိုးမွှားများ ပေါက်ဖွားနှုန်း မြှင့်မားလာခြင်းတို့ကို ကြုံတွေ့ နေရပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို လူသားများသာမက သက်ရှိ ဇီဝမျိုးစိတ်များပါ ခြိမ်းခြောက်ခံနေရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို တွန်းလှန်ရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို မိမိတို့နိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖြေရှင်း ဆောင်ရွက်သွားနိုင်ရန် အတွက် အဆိုတင်သွင်းရခြင်းဖြစ်ပါကြောင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မျိုးဆက်သစ် ပတ်ဝန်းကျင် ထိန်း သိမ်းရေးပညာရပ်ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးပြီး ခရိုင်၊ မြို့နယ် အဆင့်အထိ စနစ်တကျ တိုးချဲ့ဖွဲ့စည်းသွားနိုင်မည်ဆိုပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ယခုထက်ပိုမို ဆောင်ရွက်လာနိုင်မည်ဖြစ်ခြင်း၊ ၂၀၁၂ ခုနှစ် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဥပဒေပါ ရည်ရွယ်ချက်များအတိုင်း ထိရောက်စွာ ဆောင်ရွက်လာ နိုင်မည်ဖြစ်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများနှင့် ပတ်ဝန်း ကျင်ထိခိုက်စေမည့် စီမံကိန်းလုပ်ငန်းများ မဖြစ်စေရေးအတွက် ဆက်စပ်ဌာနများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည်ဖြစ်ခြင်း၊ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်း ကျင်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ဌာနတွင်း ဆောင်ရွက်ချက်များ ပိုမိုအားကောင်းလာမည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိ လာနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသူ အားလုံး သန့်ရှင်း သောပတ်ဝန်းကျင်၊ ကောင်းမွန်သော ဂေဟစနစ်၊ မျှတသော ရာသီ ဥတုကောင်းများ စဉ်ဆက်မပြတ် ရရှိပိုင်ဆိုင်စေလိုသည့် စေတနာဖြင့် အဆိုတင်သွင်း ရခြင်းဖြစ်ပါ ကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဝန်းသိုမဲဆန္ဒနယ်မှ ဦးနေစိုးအောင် က အဆိုအား လက်ခံ ဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို စက်တင်ဘာ (၃) ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်၊ ကျော်ဇင်ထိုက်