နေပြည်တော်  ၂၉  သြဂုတ် 

မြန်မာ့စိမ်းလန်းသော ဂေဟဗေဒဝန်းကျင်(Green Ecology in Myanmar) အလုပ်ရုံ ဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရာသီဥတုနှင့် သဟဇာတ ဖြစ်သော စိုက်ပျိုးရေးစနစ်၊ ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှုစနစ်နှင့် မြေယာစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ပြည်တွင်း၊ပြည်ပ သုတေသနလုပ်ငန်းများ၊ စီမံကိန်းများ၏ ရလဒ်များ၊ အတွေ့အကြုံများနှင့် ဗဟုသုတများကို မျှဝေဖလှယ်ခြင်းဖြင့် ရာသီအလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေး၊ ရာသီဥတုပြောင်းလဲ သက်ရောက်မှုဒဏ် ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးစီးပွားရေးလုပ်ငန်းစဉ်များ ဖော်ထုတ်အသုံးချ နိုင်ရေးသည် နိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ လုပ်ငန်းစဉ်များအတွက် များစွာ အရေးကြီးပါကြောင်း၊ ရာသီဥတုပြောင်းလဲ သက်ရောက်မှုဒဏ် ကြံ့ကြံ့ခံနိုင်ပြီး ရေရှည် တည်တံ့သော သီးနှံအမယ်သစ်များ တိုးတက်ထုတ်လုပ်ရေး၊ သစ်တောနှင့် သယံဇာတများ ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုတို့ဖြင့် စိုက်ပျိုးရေးအခြေပြု စီးပွားရေးဖော်ဆောင်မှုကို မြန်မာနိုင်ငံတွင် စီမံကိန်းရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းပြည်ပ အတွေ့ အကြုံများကို အခြေခံ၍ လက်ရှိကျင့်သုံးနေသော နည်းပညာများ၊ မူဝါဒများတွင် ပေါင်းစပ် အသုံးချနိုင်မည့် ရာသီဥတုနှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးစနစ် CSA/ SLM / SFM ဆိုင်ရာ အလေ့အကျင့်ကောင်းများကို ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်း ဖတ်ပွဲ၌ အမြင်ချင်းဖလှယ်ဆွေးနွေးဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) ဌာနေကိုယ်စားလှယ် Ms. Xiaojie Fanနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် တို့က အခမ်းအနားကျင်းပရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)နှင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ GEF တို့ ပူးပေါင်းကျင်းပ သော မြန်မာ့စိမ်းလန်းသော ဂေဟဗေဒဝန်းကျင် အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များက စာတမ်း ၁၄ စောင် ဖတ်ကြားတင်သွင်းကြမည်ဖြစ်သည်။

(သတင်းစဉ်)