နေပြည်တော်  ၂၉   သြဂုတ် 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း ၏ ရခိုင်ပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက် (၂)နှစ်အောက် ကလေးသူငယ်များ ငွေကြေးထောက်ပံ့ခြင်း ဆိုင်ရာလုပ်ငန်း များကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ယနေ့အထိ လူမှလူသို့ ထောက်ပံ့ခြင်း စနစ်ကိုသာ ကျင့်သုံးလျက်ရှိပါကြောင်း၊ ထိုသို့ ငွေကြေးထောက်ပံ့ခြင်း စနစ်ကို Electronic Cash Transfer သို့ ပြောင်းလဲရန် အစီအစဉ် ရှိပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ဒုတိယ(၆)လပတ်အတွင်း စတင်၍ ရခိုင်ပြည်နယ်အတွင်း တွင်ရှိသည့် မြို့ပေါ်ရပ်ကွက်များတွင် စတင်စမ်းသပ် အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ ဒေသများ၌ မည်သည့်နည်းလမ်းဖြင့် ငွေကြေးထောက်ပံ့နေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်း၍ တိုက်ပွဲဖြစ်သည့် ဒေသများ တွင်လည်း မြို့ပေါ်ရပ်ကွက်များ၌ အဆိုပါ ရပ်ကွက်ရှိ ပြည်သူ့ဝန် ဆောင်မှုရုံးများတွင် လူမှုဝန်ထမ်းဦးစီးဌာနကောင်တာ ဖွင့်လှစ်၍ ဆောင်ရွက်ပေးနေပါ ကြောင်း၊ လုံခြုံရေးအရ သွားရောက်နိုင်သည် ကျေးရွာများသို့လည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီး ဌာနတို့က အဖွဲ့ဖွဲ့၍ သွားရောက်ထောက်ပံ့ခြင်းဖြစ်ပါကြောင်း၊ ငွေကြေးထောက်ပံ့ပေးမှုနှင့် စာရင်းပေးသွင်း လက်ခံသည့်နေရာတွင် မကျေနပ်မှုများ ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန ဖုန်းနံပါတ် ဝ၆၇-၃၄၀၄၂၂၂ နှင့် ဝ၆၇-၃၄၀၄၉၉၉ သို့လည်းကောင်း၊ နီးစပ်ရာ ဦးစီး ဌာနရုံးများသို့ လည်းကောင်းတိုင်ကြားနိုင်ပြီး ကွင်းဆင်း၍ စုံစမ်းဖြေရှင်းပေးခြင်း၊ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာများပါဝင်သည့် အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ကာ တိုင်ကြားမှုမှန်ကန်ပါက အကျိုးခံစားခွင့်ရှိသူများ မနစ်နာအောင် ဆောင်ရွက်ပေးခြင်း နှင့်  နစ်နာအောင်ပြုလုပ်သူအား ထိရောက်သော အရေးယူအပြစ်ပေးမှုများ  ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း ၏ မြန်မာ့ပင် လယ်ငါးလုပ်ငန်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အခြေအနေနှင့် မည်သည့်ကာလအတွင်း လွှတ်တော်သို့ တင်သွင်းနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က အသစ်ရေးဆွဲထားသည့် ပင်လယ်ငါးလုပ်ငန်း ဥပဒေမူကြမ်းတွင် အခန်း(၁၆)ခန်း ပုဒ်မ (၇၇)ခု  ပါဝင်၍ ရည် ရွယ်ချက် (၆) ရပ်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် ထပ်မံရယူမှုနှင့်အတူ ၂၀၁၉ ခုနှစ်ဇွန် ၁၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ (၅/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးသို့ တင်ပြခဲ့ပါကြောင်း၊ ကော်မတီ၏ အစည်း အဝေးဆုံးဖြတ်ချက်အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထားကို ရယူခဲ့ပါကြောင်း၊ ယင်း ဝန်ကြီးဌာန၏ သဘောထားအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကိုလည်း သဘောထား တောင်းခံသင့်ကြောင်း ဖော်ပြမှုရှိခဲ့သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆက်လက်သဘောထားတောင်းခံထားပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သဘောထားမှတ်ချက် ပြန်လည်ရရှိပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့၍ လုပ်ထုံး လုပ်နည်းနှင့်အညီ ဥပဒေအဖြစ်ပြဋ္ဌာန်း နိုင်ရေး ဆက်လက်တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ် ၏ မွန်ပြည်နယ်၊ သထုံမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် RCC နှစ်ထပ်ဆောင် (၁)ဆောင်နှင့် ထမင်းစား ခန်းမ RCC တစ်ထပ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော် က မွန်ပြည်နယ်၊ သထုံမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းအတွက် ကျောင်းသား၊ ကျောင်းသူအိပ်ဆောင် (၂) ထပ် (မိလ္လာ၊ Apron) အပါအဝင် RC တစ်လုံးအတွက် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ငွေကျပ် (၂၇၆ ဒသမ ၈) သန်း လျာထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လိုအပ်သည့် ထမင်းစားခန်း RCC တစ်ထပ်ဆောင် ဆောက်လုပ်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်း တောင်းခံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အလားတူ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ပေးရန် မေးခွန်းနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေး ၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းမှ ပြည်သူများအတွက် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က လည်းကောင်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း ၏ နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလတွင် စားနပ်ရိက္ခာဖူလုံရေး (Food Security)၊ ရေဖူလုံရေး (Water Security) နှင့် စွမ်းအင်ဖူလုံရေး (Energy Security) တို့အတွက် မည်ကဲ့သို့ အစီအမံ များ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်ကလည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအောင် က  ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုပါ ဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၏ ရှေးအစဉ် အဆက်အသုံးပြုခဲ့သော ကျေးလက်နေ ပြည်သူများထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန်များ၊ ဆည်ငယ်/တမံငယ်များကို ရေချိုမိုးရေ စုဆောင်းသိုလှောင်ရန်၊ သောက်သုံးရေရရှိရန်၊ မြေအောက်ရေ ဖြည့်ဆည်းရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက် ပျိုးရေရရှိရန်၊ သဘာဝဂေဟစနစ် မပျက်ရန်အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ် ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့ တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း တို့က ဆက်လက် ဆွေးနွေးကြသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ က ကန်ငယ်၊ ဆည်ငယ်များကို တည်ဆောက်ပေးခြင်းအားဖြင့် အဆိုပါ နေရာများ၏ အနီးပတ်ဝန်း ကျင်တွင် သစ်ပင်များပေါက်ရောက်ရှင်သန်လာပြီး စိမ်းလန်းစိုပြေလာမည် ဖြစ်ပါ ကြောင်း၊ အဆိုပါ သစ်ပင်များကြောင့် မိုးခေါင်သည့်ဒေသများတွင် မိုးရွာလာနိုင်ပါ ကြောင်း၊ ယနေ့ မိမိတို့နိုင်ငံသည် ရာသီဥတုဖောက်ပြန်သည့်ဒဏ်ကို စတင်ခံစားနေရ ပြီဖြစ်ပါကြောင်း၊ စိုက်ပျိုးရေ၊ သောက်သုံးရေ ရရှိရေးအခက်အခဲများကိုလည်း နှစ်စဉ်ရင်ဆိုင်နေရပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ် တွင် ကြုံတွေ့လာနိုင်မည့် ရေရှားပါးမှု အခက်အခဲများကို ဖြေရှင်းနိုင်ရန် ကြိုတင်မျှော် မှန်း၍ နိုင်ငံအနှံ့တွင် ရေရရှိနိုင်မည့် အရင်းအမြစ်များကို နည်းမျိုးစုံဖြင့်ဖော်ထုတ်အသုံး ချ၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ထို့ကြောင့် အဆိုကို အကောင် အထည်ဖော်ခြင်းအားဖြင့်ယနေ့ ကြုံတွေ့နေရသည့် ရေအခက်အခဲကို ဖြေရှင်းနိုင်မည် ဖြစ်သည့်အပြင် အနာဂတ်တွင်ကြုံတွေ့လာနိုင်မည့် ရေအခက်အခဲကိုပါစီမံဆောင်ရွက်ပြီးဖြစ်သည့်အတွက် အဆိုကိုလေးနက်စွာထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြန်လည်ဖြေရှင်းဆွေးနွေးရာတွင် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြား တွင် ဒေသလိုအပ်ချက်များအရ ရရှိနိုင်သည့် ရေအရင်းအမြစ်များကို ဖော်ထုတ်အသုံးချ၍ အနာဂတ်ရေရှားပါးလာနိုင်သည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် ကြိုတင်မျှော်မှန်း အကောင်အထည်ဖော်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအနှံ့ တွင် မိမိတို့ဝန်ကြီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသည့် ရေလှောင်တမံနှင့် ဆည် ကန်များအပြင် ဒေသမှ တည်ဆောက်ထိန်းသိမ်းထားသည့် ဆည်၊ ကန်များစွာလည်း ရှိပါကြောင်း၊ ၂၀၁၀ - ၂၀၁၁ ဘဏ္ဍာနှစ်မှစ၍ ဆည်၊ ကန်များ ပြုပြင်မွမ်းမံခြင်း၊ အသစ် တည်ဆောက်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ 

ရေသယံဇာတများ ဖော်ထုတ်အသုံးပြုမှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် ဒေသတွင်း ရှိရင်းစွဲ ရေအရင်းအမြစ်များအပေါ်တွင် စနစ်တကျထိန်းသိမ်း သိုလှောင် သုံးစွဲနိုင်ရန်အတွက်  မိမိတို့၏ ရှိရင်းစွဲ အရင်းအမြစ်များကို အခြေပြု၍ ရေကဏ္ဍဆိုင်ရာ အခြေခံ အဆောက်အအုံများကို အကောင်အထည်ဖော်ဆောင်ရွက် နေသော်လည်း အရှိန်အဟုန်နှင့် ဖြစ်တည်လာမှုအနေအထားမှာ လိုအပ်ချက်များ ရှိနေသေးသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်၏ အဆိုသည် မိမိတို့အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များအောင်မြင်ရန်အတွက် များစွာ အထောက် အကူပေးနိုင်မည့်အဆို ဖြစ်သည့်အတွက် အတည်ပြုသင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် လွှတ် တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို စက်တင်ဘာ ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်