နေပြည်တော် ၂၉ သြဂုတ်
မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ လူငယ်များဖြစ်သည့်အတွက် နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတွင် ဦးဆောင်ကြိုးပမ်းနိုင်မည်ဖြစ်ကြောင်း နေပြည်တော်ရှိ Park Royal Hotel တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်မှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက ထည့်သွင်း ပြောကြားသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံ၏ အနာဂတ်သည် လူငယ်များအပေါ်တွင် မူတည်နေပါကြောင်း၊ နိုင်ငံ၏ ပထဝီအနေ အထားကို အကျိုးရှိစွာ အသုံးချပြီး အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရန် လူငယ်စွန့်ဦးတီထွင်သူများကို တိုက်တွန်းလိုပါကြောင်း။
ယခုဆွေးနွေးပွဲသည် မဲခေါင်-လန်ချန်း ဒေသတွင်းရှိ လူငယ်စွန့်ဦးတီထွင်သူများနှင့် လုပ်ငန်းစတင်သူများကို အားပေးမြှင့်တင်ရန်နှင့် ဒေသတွင်း ကွန်ရက်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိမှု၊ တီထွင်ဖန်တီးမှုများမှာ အဓိကကျသည့် ကဏ္ဍတွင်ပါဝင်နေသည့်အတွက် MSME များအနေဖြင့် ယှဉ်ပြိုင်မှုကို ဦးတည်သည့် တီထွင်ဖန်တီးမှုများရှိရန် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ အသိပညာဗဟုသုတများ ဖလှယ်ခြင်းများမှတစ်ဆင့် ကောင်းမွန်သည့် အကျိုးကျေးဇူးများ၊ အတွေ့အကြုံများ၊ ဆန်းသစ် တီထွင်မှု အကြံဉာဏ်သစ်များရရှိလာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းအကြံပြုချက်များ ပေါ်ပေါက်လာစေရန် ဒေသတွင်းလူငယ်များအချင်းချင်း အမြင်ချင်းဖလှယ် ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Counsellor, Ms.Yang Chengcheng ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းတို့က အမှာစကား ပြောကြားကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို မဲခေါင်ဒေသတွင်းရှိ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ ၆ နိုင်ငံမှ လုပ်ငန်းရှင်များအချင်းချင်း ကွန်ရက် တည်ဆောက်၍ ဆန်းသစ်ပြောင်းလဲခြင်းနှင့်ပတ်သက်သည့် နိုင်ငံတကာဗဟုသုတများ ကြွယ်ဝစေရန်၊ ဆွေးနွေးပွဲမှ ရရှိသည့် အတွေးအမြင်သစ်များနှင့် မဲခေါင်-လန်ချန်းနိုင်ငံများ၏ အတွေ့အကြုံများကို စာတမ်းပြုစု၍ အချင်းချင်းမျှဝေနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက်အထိ ၄ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး မဲခေါင်- လန်ချန်းဒေသတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ စွန့်ဦးလူငယ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့မှ စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူ ဆောင်ရွက်နေသည့် SME ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်း-ဟန်လင်းနိုင်၊ ဓာတ်ပုံ-ကိုထိန်


