နေပြည်တော် ၂၉ သြဂုတ်
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အင်ဂျင်နီယာပညာရေးမြှင့်တင်ရေး ဖြစ်ပေါ် တိုးတက်မှုအခြေအနေ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရုံးခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက ပြည်သူ့လွှတ်တော် ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းက ကောင်စီ၏ အင်ဂျင်နီယာပညာရေးမြှင့်တင်ရေး ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အာရှနှင့်ပစိဖိတ်ဒေသ အင်ဂျင်နီယာအသင်းချုပ်မှ Prof. Dr. Chuah က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အင်ဂျင်နီယာ အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်မင်းအောင်က Washington Accord တွင် Provisional Signatory ရရှိမှုနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အင်ဂျင်နီယာကောင်စီဝင်များ၊ အသင်းသားများနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
သတင်းစဉ်


