နေပြည်တော် ၂၉ သြဂုတ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၅ရက်မြောက်နေ့ (၂၉.၈.၂၀၁၉)တွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း မေးမြန်းသည့် “မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အခြေအနေနှင့် မည်သည့်ကာလအတွင်း လွှတ်တော်သို့ တင်သွင်းနိုင်မည်ကို သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်၏ ဖြေကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ပင်လယ်ငါးလုပ်ငန်းများ စီမံဆောင်ရွက်ရာတွင် ငါးဖမ်းလုပ်ငန်းများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ကိုင်ခွင့်ပြုပေးရေး၊ တရားမဝင်ငါးဖမ်းဆီးခြင်းလုပ်ငန်းကို ကာကွယ်တားဆီး အရေးယူနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးဖမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်းများကို ဆောင်ရွက်ရေးအတွက် နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ဥပဒေအမှတ်(၁၁/၈၉)ဖြင့် ၁၉၈၉ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့တွင်လည်းကောင်း၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ဥပဒေအမှတ်(၉/၉၀)ဖြင့် ၁၉၉၀ ပြည့်နှစ်၊ ဧပြီလ (၂၅)ရက်နေ့တွင်လည်းကောင်း အသီးသီးပြဋ္ဌာန်းခဲ့ပါကြောင်း။
တည်ဆဲနိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေနှင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေတို့ကို ပြန်လည်သုံးသပ်ရာတွင် ငါးလုပ်ငန်းစီမံကိန်းများ ရေးဆွဲဆောင်ရွက်မှုမှာ အဏ္ဏဝါ ဥယျာဉ်နှင့် ပင်လယ်ရေပြင်များအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု၊ ပင်လယ်ကမ်းနီး ငါးလုပ်ငန်းရေပြင်တွင် ဒေသခံနိုင်ငံသားရေလုပ်သားများအား ဦးစားပေးပြီး လုပ်ကိုင်ခွင့်ပြုမှု၊ ငါးသယံဇာတလျော့နည်းပြုန်းတီးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု၊ ငါးလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးစီမံခန့်ခွဲမှုတွင် ဒေသခံရေလုပ်သားအစုအဖွဲ့/အသင်းများ ပူးပေါင်းဆောင်ရွက်မှု စသည့် ကိစ္စရပ်များဆိုင်ရာ ဖြည့်စွက်ပြဋ္ဌာန်းရန် လိုအပ်လာမှုရှိသည့်အလျောက် တည်ဆဲနိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေနှင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေတို့အား ရုပ်သိမ်းပြီး ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)အသစ်ကို ရေးဆွဲတင်ပြဆောင်ရွက်ခဲ့ပါကြောင်း။
ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)ကို ပထမအကြိမ်လွှတ်တော်သက်တမ်း အစိုးရလက်ထက် (၂၈-၁-၂၀၁၆)ရက်နေ့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၆)မှ သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စုလွှတ်တော်သို့ (၂-၂-၂၀၁၆)ရက်နေ့တွင် တင်ပြခဲ့ပါကြောင်း၊ အဆိုပါ ဥပဒေ(မူကြမ်း)အပေါ် အစိုးရအဖွဲ့အသစ်၏ မူဝါဒများနှင့်အညီ ထပ်မံပြင်ဆင် ရေးဆွဲရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့မှ ညွှန်ကြားမှုရှိခဲ့ပါ ကြောင်း။
သို့ဖြစ်ပါ၍ အစိုးရအဖွဲ့သစ်၏ မူဝါဒများနှင့်အညီ ပြင်ဆင်ရေးဆွဲထားသည့် ဥပဒေ(မူကြမ်း)ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေပိုင်းဆိုင်ရာ အကြံပြုသဘောထားရယူပြီး (၂၇-၆-၂၀၁၇)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ (၈/၂၀၁၇)ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြခဲ့ပြီး၊ (မူကြမ်း)အား ကျစ်လျစ်စွာ ပြန်လည်ရေးဆွဲရန် ဆုံးဖြတ်ခဲ့မှုနှင့်အညီ ဝန်ကြီးဌာနမှ ပြန်လည်ပြုစုရေးဆွဲခဲ့ရပါကြောင်း။
အဆိုပါ ဥပဒေကြမ်းအပေါ် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့- FAO ၏ အကြံပြုချက်များနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းဆိုင်ရာ ကျင့်စဉ်များ၊ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ၁၉၈၂ ခုနှစ်၊ ပင်လယ်ပြင်ဥပဒေ (United Nations Convention Law of The Sea, 1980-UNCLOS)နှင့် နိုင်ငံတကာပင်လယ်ငါးလုပ်ငန်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ဆုံးဖြတ်ချက်များ၊ တိုက်တွန်းချက် များ၊ ASEAN အဖွဲ့ဝင်နိုင်ငံများနှင့် မိမိတို့အိမ်နီးချင်းနိုင်ငံများ၏ ပင်လယ်ငါးဖမ်းလုပ်ငန်းဆိုင်ရာ ဥပဒေများအပေါ် လေ့လာသုံးသပ်ပြီး မှီငြမ်းသင့်သည့်အခြေခံများအပေါ် မူတည်၍ သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင် အကြံပေးပညာရှင်များနှင့် အသင်းအဖွဲ့များ၏ အကြံဉာဏ်သဘောထားများ ရယူမှုနှင့်အတူ (၁၁)ကြိမ်တိုင်တိုင် ဆွေးနွေးဆောင်ရွက် ပြုစုခဲ့ပြီးဖြစ်ပါကြောင်း။
အသစ်ရေးဆွဲထားသော ပင်လယ်ငါးလုပ်ငန်းဥပဒေ(မူကြမ်း)တွင် အခန်း(၁၆)ခန်း၊ ပုဒ်မ (၇၇)ခု ပါဝင်ပြီး ရည်ရွယ်ချက်(၆)ရပ်ဖြင့် ရေးဆွဲထားပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေ အကြံပြုချက် ထပ်မံရယူမှုနှင့်အတူ (၁၂-၆-၂၀၁၉)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု အစိုးရအဖွဲ့၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၏ (၅/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း။
ကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက်အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထား ရယူခဲ့ပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သဘောထားပြန်ကြားလာရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့လည်း သဘောထားတောင်းခံသင့်ကြောင်းကို ဖော်ပြမှုရှိခဲ့ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ဆက်လက်သဘောထားတောင်းခံထားပါကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သဘောထားမှတ်ချက် ပြန်လည်ရရှိပြီးသည်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ပြီး ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
MDN