နေပြည်တော် ၂၉ ဩဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုးက နိုင်ငံ့ဝန်ထမ်းများ အပေါ် မြန်မာနိုင်ငံကူးလက်မှတ် လွတ်လပ်စွာ လျှောက်ထားရယူခြင်းနှင့် ခရီးသွားလာခြင်း ကန့်သတ်ခဲ့ခြင်းများအား ယခုအချိန်တွင် တရားဝင် ခွင့်ရက်ခံစားပြီး နိုင်ငံရပ်ခြားသို့ သွားလာလည်ပတ်ခွင့်ကို ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသားအားလုံးအတွက် နိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းကို မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွားလာ ခွင့်ကန့်သတ်ခဲ့ခြင်းအပေါ် ယခုအခါ နိုင်ငံတကာနှင့်ရင်ပေါင်တန်းပြီး အပန်းဖြေခွင့် အနားယူခြင်း၊ ဆေးစစ်ခြင်း၊ မိသားစုများထံ လည်ပတ်ခွင့်ကို တရားဝင်ခွင့်ရက်ခံစားပြီး နိုင်ငံခြားသို့ သွားလာလည်ပတ်ခွင့်ပေးရန်၊ မိမိအစီအစဉ်ဖြင့် ခရီးသွားလာခြင်းကို ခွင့်ပြုပေး နိုင်ရန်အစီအစဉ် ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဉပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဉပဒေများပါ ပြဋ္ဌာန်းချက်များအနက် ဆက်စပ်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေးများနှင့် ခွင့်ခံစားခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထုတ်နုတ်၍ ရှင်းလင်းဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဖွဲ့စည်းပုံပါရာထူးတစ်ခုတွင် အတည်ပြုခန့်ထားခြင်းခံရသည့် ဝန်ထမ်းသည် နိုင်ငံတော်၏ အကျိုးအတွက် ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရသဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၁ ပါ အခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိပါကြောင်း။

ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် အဆိုပါခွင့်များကို ခံစားခွင့်ပြုရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့နည်းဥပဒေများတွင် ပြည်တွင်းပြည်ပဟူ၍ ခွဲခြားသတ်မှတ် ပြဋ္ဌာန်းထားခြင်းမရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းများက သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့် ရှိသည့်ခွင့်ကို တောင်းခံလာပါက ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ခံစားခွင့်ပြုရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၇၀၊ နည်းဥပဒေ ၇၃၊ နည်းဥပဒေ ၈၇ နှင့် နည်းဥပဒေ ၉၆ တို့ပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုနည်းလမ်းအရ ခွင့်ပေးပိုင်ခွင့်ရှိသူက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံရပ်ခြားသို့ မိမိအစီအစဉ်ဖြင့် ခရီးသွားလာစေခြင်းကိစ္စအတွက် ခွင့်ခံစားခွင့်ကို ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံကူးလက်မှတ် (Passport) ကို ဝန်ထမ်းများအတွက် လွယ်လွယ်ကူကူ လုပ်ပေးနိုင်ရေး မည်သို့ စီစဉ်ပေးထားသည်ကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်းမေးမြန်းရာ သာမန်အားဖြင့် Passport လျှောက်ထားခြင်းသည် သက်ဆိုင်ရာဌာနမှ ခွင့်သတ်မှတ်ပြီး ခွင့်ပြုပါက Passport ထုတ်ပေးဌာနအနေဖြင့် ပြဿနာ မရှိပါကြောင်း၊ သက်ဆိုင်ရာဌာနတွင် ခွင့်ပေးပိုင်ခွင့်ရှိသည့်သူ သို့မဟုတ် ဌာနအကြီးအကဲများက တာဝန်ယူ၊ တာဝန်ခံမှုနှင့် ခွင့်ပြုမည် ဆိုပါက ပေး၍ရပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

MDN