နေပြည်တော် ၂၉  သြဂုတ်

    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Asian Network for Free Elections (ANFREL) အဖွဲ့တို့ပူးပေါင်း၍ရွေးကောက်ပွဲဖြစ်စဉ်များတွင် ကဏ္ဍစုံမှပါဝင် ပတ်သက်သူများ ဆက်ဆံရေးနှင့်စပ်လျဉ်းသည့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပသည်။
    

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဉီးလှသိန်းက ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ မဲဆန္ဒရှင် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်သည့်   ရွေးကောက်ပွဲ တစ်ခုဖြစ်လာ မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရန် ကဏ္ဍစုံမှပါဝင် ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် ယုံကြည်မှုရှိခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရေးဆိုသည့် စံ (၅)ချက်နှင့်အညီ ဘက်လိုက်မှုကင်းစွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အဂတိကင်းစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
     

ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းသည်အခြေခံ အကျဆုံးဖြစ်ပြီး ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ထိတွေ့ဆက်ဆံရသည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိရန်နှင့် သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးရန်အတွက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြစ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉−၂၀၂၂) အခန်း (၇)တွင်ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ဆက်ဆံခြင်းအခန်းကို ထည့်သွင်းရေးဆွဲထား ပါကြောင်း၊ ယနေ့ တွေ့ဆုံပွဲတွင် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ ဆက်ဆံရေးနှင့် စပ်လျဉ်းပြီး နိုင်ငံတကာ အတွေ့အကြုံရရှိရန် ANFREL အဖွဲ့ကစီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
    

ဆက်လက်၍ ANFREL အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Mrs. ChandanieWatawala က အမှာစကားပြောကြားပြီး တက်ရောက်လာသူများက ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အခွင့်အလမ်းများ၊ မျှော်မှန်းချက်များ၊ အခက်အခဲများနှင့် စပ်လျဉ်း၍အပိုင်း (၄) ပိုင်းခွဲကာ ဆွေးနွေးကြသည်။


သတင်းစဉ်

 

1