နေပြည်တော် ၂၉ သြဂုတ်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၅ရက်မြောက်နေ့ (၂၉.၈.၂၀၁၉)တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေး မေးမြန်းသည့် “ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းမှ ပြည်သူများအတွက် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည်ဖြေကြားခဲ့သည်။

တိုက်ပွဲရှောင်စခန်းမှ ပြည်သူများ လုံခြုံစွာနေထိုင်နိုင်ရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်(၁၀၁၁)က တိုက်ပွဲရှောင်ပြည်သူများ နေထိုင်လျက်ရှိ သည့် မြိုင်ကြီးငူဘုန်းကြီးကျောင်းရှိ ကျောင်းဆောင်(၁)ဆောင်၊ မြတ်ပန်းဝတ်မှုံခန်းမ ဆောင်နှင့် အေးလင်းမြတ်ရှင်(ကျောက်စာကွင်း)အနီး မအဲကမ်းနားလမ်းတို့တွင်လည်းကောင်း၊ နယ်ခြားစောင့်တပ် (၁၀၁၂)က သံလွင်မြစ်၊ မြိုင်ကြီးငူ-ကမမောင်းစက်လှေဆိပ်၊ မြိုင်ကြီးငူ ကျောက်စာကွင်းတွင်လည်းကောင်း၊ နယ်ခြားစောင့်တပ်နယ်(၁)နှင့် နယ်ခြားစောင့်တပ်(၁၀၁၂) က မြိုင်ကြီးငူ အထူးဒေသအဝင် အလှူခံမဏ္ဍပ်တွင်လည်းကောင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူ တိုက်ပွဲရှောင်စခန်းမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းများပြန်လည်ဖွင့်နိုင်ပြီးဖြစ်သည့်အတွက် နေရပ်သို့ပြန်၍ ပညာသင်ကြားလျက်ရှိပြီး နေရပ်မပြန်လိုသည့် မိသားစုများ၏ကလေးများကို တိုက်ပွဲရှောင်စခန်းအနီးရှိ ချမ်းသာမြိုင်နှင့် မြတ်လေးမြိုင် အခြေခံပညာမူလတန်းလွန်ကျောင်း၊ စုံနံ့သာမြိုင်-အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ပညာသင်ကြားလျက်ရှိပါကြောင်း၊ အရွယ်လွန်ကလေးများကိုလည်း ကျောင်းပြင်ပပညာရေး (NFPE) အစီအစဉ်ဖြင့် လုံခြုံစွာ ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူလတန်းကြိုကျောင်း ယာယီဖွင့်လှစ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က UNICEF အဖွဲ့နှင့် ညှိနှိုင်း၍ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မြိုင်ကြီးငူတိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား/သူ(၃၉၈)ဦးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ကျောင်းဝတ်စုံ(ဖြူ/စိမ်း)(၃၉၈)စုံနှင့် ကျောင်းသုံးဗလာစာအုပ် (၃၉၈)ဒါဇင်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှတစ်ဆင့် ၂၀၁၉ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှစတင်၍ ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြိုင်ကြီးငူတိုက်နယ်ဆေးရုံနှင့် ကျန်းမာရေးဌာနများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ လက်ရှိတိုက်ပွဲရှောင် စခန်းတွင် နေ့စဉ်ဆေးခန်းဖွင့်လှစ်ကုသခြင်း၊ ဆေးရုံများသို့ စနစ်တကျလွှဲပြောင်းပေး၍ ကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရစောင့်ကြပ်ကြည့်ရှုခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

တိုက်ပွဲရှောင်ပြည်သူများအား ပြန်လည်နေရာချထားပေးနိုင်သောအချိန်တွင် လက်လှမ်းမီသော ကျန်းမာရေးဌာနများက ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လက်လှမ်းမမီသောနေရာများတွင် ရွေ့လျားဆေးပေးခန်းများဖွင့်လှစ်ခြင်း၊ ပြန်လည်နေရာချထားမည့်နေရာများအပေါ်မူတည်၍ လိုအပ်ပါက ကျန်းမာရေးဌာနများ အသစ်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း လိုအပ်သည့် နေရာများတွင် ကလေးပျော်နေရာ(၁၀)ခု ထပ်မံဖွင့်လှစ်နိုင်ရန် ရန်ပုံငွေတင်ပြတောင်းခံထားသည့်အနက် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူတိုက်ပွဲရှောင်စခန်း၌ ကလေးပျော်နေရာ(၁)ခု ဖွင့်လှစ်ရန် ငွေကျပ်(၁.၅)သန်းဖြင့် ကလေးကစားပစ္စည်း(၆)မျိုးအား ကရင်ပြည်နယ် လူမှု ဝန်ထမ်းရုံးမှ တာဝန်ရှိသူများက အဆိုပါဒေသမှ တာဝန်ခံထံသို့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း။

အချက်အလက်များအရ မြိုင်ကြီးငူအထူးဒေသ၌ တိုက်ပွဲရှောင်အိမ်ထောင်စု(၈၇၀)စုနှင့် ပြည်သူဦးရေ (၅,၂၆၁)ဦး နေထိုင်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ၂၀၁၆-၂၀၁၇ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလအထိ ထောက်ပံ့မှုကျပ်သန်း(၁၀၈.၇၇၇)နှင့် ၂၀၁၉ ခုနှစ်၊ မေလအတွင်း၌ စားနပ်ရိက္ခာထောက်ပံ့မှု ကျပ်သန်း (၆၁.၅၁၅) ထောက်ပံ့ခဲ့ပြီးဖြစ်ရာ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ်သန်း(၁၇၀.၂၉၂)ကို ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စေတနာရှင်များ၊ လူမှုကူညီရေးအသင်းများနှင့် ဌာနဆိုင်ရာ/အဖွဲ့ အစည်းများအလိုက် ထောက်ပံ့မှုများမှာ နှစ်စဉ်သွားရောက်ခဲ့သော ခရီးစဉ်များမှ ထောက်ပံ့မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းထောက်ပံ့ခြင်းတို့ဖြစ်ပါကြောင်း။

တိုက်ပွဲရှောင်စခန်းရှိ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအပါအဝင် ထိခိုက်ဒဏ်ရာရသူ တစ်ဦးလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်အတွင်း မိုင်းအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၀၁၈ခုနှစ်တွင် စုစုပေါင်း (၅၈၆၆၉)ဦး၊ ၂၀၁၉ခုနှစ်၊ ဇွန်လအထိ (၁၅၁၅၉)ဦးတို့ကို အသိပညာပေးဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဤကဲ့သို့ အသိပညားပေးလုပ်ငန်းများသည် တိုက်ပွဲရှောင်စခန်းရှိပြည်သူများ မိုင်းအန္တရာယ်ကို ရှောင်ရှားနိုင်ပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်း အထောက် အကူပြုမည်ဖြစ်ပါကြောင်း။

တိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ ကောင်းမွန်စွာပြန်လည်နေထိုင်နိုင်ရေးအတွက် မြိုင်ကြီးငူ ဒေသအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်သည့် The HALO TRUST၊ Mine Advisory Group – MAG၊ Norwegian People’s Aid – NPA အဖွဲ့အစည်းတို့နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပူပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်နိုင်ပါက မိမိတို့၏ မူလနေရပ်များတွင် လုံခြုံစွာ ပြန်လည်အခြေချ နေထိုင်နိုင်မည်ဖြစ်ပါကြောင်း။

နိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)ကိုလည်း ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ ထိုသို့ရေးဆွဲထားရှိရာ၌ ကရင်ပြည်နယ်အပါအဝင် IDP စခန်းများတည်ရှိသည့် ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်နွယ်အစိုးရဌာနဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်ကာ မြန်မာနိုင်ငံ၏ အခြေအနေ၊ အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့် လိုက်လျောညီထွေမှုရှိစေရန် မဟာဗျူဟာ တစ်ရပ်ကို ပြုစုခဲ့ပါကြောင်း၊ အဆိုပါမဟာဗျူဟာ၌ နေရပ်စွန့်ခွာသူများ လုံခြုံစိတ်ချ ဂုဏ်သိက္ခာရှိစွာဖြင့် ၎င်းတို့၏နေရပ်သို့ သဘောဆန္ဒအလျောက် ပြန်လည်နေထိုင်နိုင်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်းများဖန်တီးခြင်း၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံပြည်သူ့ဝန်ဆောင်မှုများ ပြည့်ဝစွာရရှိစေရေးတို့အတွက် ဦးတည်ဖော်ပြပြုစုထားပါကြောင်း၊ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်နေရာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ (Humanitarian Demining) ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးခြင်းအပါအဝင် ဘေးကင်းလုံခြုံရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းသည် အရေးပါသောကြောင့် မဟာဗျူဟာတွင် အလေးနက်ထားဖော်ပြထားပါကြောင်း၊ သက်ဆိုင်ရာပြည်နယ် အစိုးရတာဝန်ရှိသူများ၊ အကျိုးခံစားခွင့်ရှိသူများ၊ ဆက်နွယ်ပတ်သက်သူများနှင့် ညှိနှိုင်းဆွေးနွေးကာ နယ်မြေဒေသအလိုက် လုပ်ငန်းစီမံချက်များ ဆက်လက်ရေးဆွဲအကောင်အထည်ဖော်ကာ ကူညီပံ့ပိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူများ၏ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး၊ အေးချမ်းစွာ နေရပ်ပြန်နိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့်လည်းကောင်း၊ နီပွန်ဖောင်ဒေးရှင်းထောက်ပံ့ရန်ပုံငွေနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ တို့ဖြင့်လည်းကောင်း၊ အိမ်ရာများဆောက်လုပ်ပံ့ပိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

လှိုင်းဘွဲ့မြို့နယ်ရှိ မြိုင်ကြီးငူ တိုက်ပွဲရှောင်စခန်းမှ ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေး အသိပညာ ပေးခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးခြင်း၊ ပညာသင်ကြားနိုင်ရေး စီစဉ် ပေးခြင်း၊ မိုင်းရှင်းလင်းရေးအသိပညာပေးခြင်းများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာ (မူကြမ်း)အတည်ပြုပြီးပါက မဟာဗျူဟာအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။

MDN