နေပြည်တော် ၂၉ သြဂုတ်
သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် (အဖြောင့်လမ်း) မိုင်တိုင် အမှတ် (၁၇/၅ - ၁၇/၆) အတွင်းရှိအရှည် (၂၀)ပေ တံတား၏ ကမ်းကပ်ခုံမှာ ယနေ့ နံနက် ၁၀ နာရီခွဲက အက်ကွဲ နိမ့်ကျသွားသဖြင့် အတက်ကား ယာဉ်ကြီးများအတွက် ယခင်က လမ်းကြောင်း ပေးထားသည့် သံလွင်တံတား - ကော့ကျိုက် - ဇာသပြင် လမ်းအစား သံလွင်တံတား - ကော့ကျိုက် - နောင်လုံတောင်ကြား လမ်းအတိုင်း မောင်းနှင်ကြရန်၊ အဆင်းကားများ အနေဖြင့် ကျားကလေး - ဇာသပြင် - အိန္ဒု - နောင်လုံတောင်ကြားလမ်းအတိုင်း မောင်းနှင်ကြရန် ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ အသိပေး ကြေညာထားသည်။
အိန္ဒု - နောင်လုံ ကြားရှိ မြပြည်တံတားမှာ အရေးပေါ် တည်ဆောက်ထားသော ဘေလီတံတားဖြစ်သည့်အတွက် ယာယီအနေဖြင့် ၁၂ ဘီးတပ်ယာဉ်နှင့် (ယာဉ်+ကုန် = ၂၅ တန်) ယာဉ်များသာ ခွင့်ပြုထားခြင်းဖြစ်ပြီး အဆိုပါ တံတားအား (ယာဉ်+ကုန် = ၄၈ တန်)ခံနိုင်စေရန် တံတားအထူးအဖွဲ့ကဆက်လက် ဆောင်ရွက်ပြီးမှသာ (ယာဉ်+ကုန် = ၂၅ တန်)အထက် ယာဉ်များကိုဖြတ်သန်းခွင့်ပြုမည် ဖြစ်သည်ဟု သိရသည်။
ယင်းကြောင့် မော်တော်ယာဉ်များ အနေဖြင့် သတ်မှတ်တန်ချိန်အတိုင်းသာ တင်ဆောင်ကြပါရန် လမ်းဦးစီးဌာန၊ ကရင်ပြည်နယ်မှ အသိပေး ကြေညာထားသည်။
MDN
Credit- Ministry of Construction


