ငါန်းဇွန်  ၃၀  သြဂုတ် 


မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကျောက်တစ်လုံးကျေးရွာအုပ်စု ကျီးမင်းနိုင်ကျေးရွာရှိ ကြေးဘုရားဆင်းတုလုပ်ငန်း လုပ်ကိုင်သူများ ယခုနှစ်တွင် အော်ဒါမှာယူသူများမှ မှာယူမှုများပြားလျက်ရှိသဖြင့်  အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကြေးဘုရားပြုလုပ်ရောင်းချသူများထံမှ သိရသည်။

 

ကြေးဘုရားဆင်တုပြုလုပ်ရာတွင် မြန်မာလက်မှုပညာများဖြစ်သော ပန်းဆယ်မျိုးလုံး၏ အတတ်ပညာများ ပါဝင်နေသဖြင့် ၎င်းသင်ယူရချိန်က အပွတ်ပိုင်းပညာ အချောပိုင်းပညာတတ်ရန် တစ်နှစ်ခွဲခန့်သင်ယူခဲ့ရသော်လည်း ယခုအချိန် နည်းပညာနှင့် စက်ပစ္စည်းအကူအညီများကြောင့် တကယ်သင်ယူလျှင် ဉာဏ်ကောင်းသူဖြစ်ပါက တစ်ပတ်ခန့်ဖြင့် လုပ်ခပေးနိုင်သည့် ပညာရပ်အစိတ်အပိုင်းတစ်ခုအထိ သင်ယူရလွယ်ကူမှုတွေရှိကြောင်း ကိုတင်ထွန်းနိုင်က ဆိုသည်။


ကြေးဘုရားဆင်းတုအရောင်းအဝယ်မှာ ယခုလက်ရှိအချိန်တွင် အရောင်းအဝယ်ကောင်းမွန်နေပြီး ၂၀၁၆ ခုနှစ်က အရောင်းအဝယ်မကောင်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း တစ်နှစ်ထက်တစ်နှစ် အရောင်းအဝယ်ကောင်းမွန်လာပြီး မှာယူမှု ပိုမိုများပြားလာ၍ ကြေးဘုရားဆင်းတုလုပ်ကိုင်ရမှု ပိုမိုများလာတယ်လို့ ကြေးဘုရားဆင်းတုလုပ်ကိုင်လာသူများထံမှ သိရသည်။


"ကျွန်တော်က တစ်လတစ်ကြိမ် / ဆယ့်ငါးရက် တစ်ကြိမ် မန္တလေးမြို့ကို သွားရောက်ပြီး ဒိုင်ဆီသွင်းပါတယ်။ တစ်ခါပို့ရင် ဆင်းတုတော်အဆူရေ ၁၅၀ နဲ့ ၂၀ဝ လောက် ပို့ပါတယ်။ ပို့သလောက်ရောင်းချနေရပြီး မှာယူတာနဲ့ ကိုယ်လုပ်တာနဲ့တောင် မှာယူမှုများလို့ ထုတ်တာနဲ့မမျှဖြစ်နေပါတယ်။ ဒါကလည်း ထုတ်လုပ်မှုအပိုင်းက လုပ်သားအင်အား နည်းလို့ပါ။"ဟု ကိုတင်ထွန်းနိုင်က ဆက်လက်ရှင်းပြသည်။

 

ကြေးဘုရားဆင်းတုပြုလုပ်ရန် အဓိကကုန်ကြမ်းမှာ ကြေးဖြစ်ပြီး(ကြေးဝါ) ဖယောင်း အစရှိလုပ်ငန်းသုံးပစ္စည်းများလိုအပ်ပြီး အဓိကကုန်ကြမ်းဖြစ်သူ ကြေး(ကြေးဝါ)ကို မန္တလေးမြို့မှမှာယူအသုံးပြုနေရကြောင်း သိရသည်။

 

ကြေးဆင်းတုလုပ်ငန်းတွင် ကုန်ကြမ်းမှာ ဈေးနှုန်းကြီးမြင့်မှုရှိသော်လည်း ကြေးဆင်းတုလုပ်ငန်းများ၏ အဓိက အခက်အခဲမှာ လုပ်သားရှားပါးမှု ဖြစ်ကြောင်း ကြေးဆင်းတုလုပ်ငန်းရှင်များက ဆိုသည်။


ကြေးဆင်းတုလုပ်ငန်းမှာ အမျိုးသား အမျိုးသမီး ကျားမ မရွေး ကလေး လူကြီး မရွေး လုပ်ကိုင်နိုင်သော လုပ်ငန်းဖြစ်သော်လည်း လုပ်သားများအား ပညာသင်ကြားပေးပြီးမှ လုပ်ငန်းခွင် ဝင်ခိုင်းရခြင်း  အရောင်းအဝယ် အော်ဒါမှာယူမှု အတတ်အကျရှိ၍ လုပ်သား အနည်းအများ လျော့နည်းမှုများ ဖြစ်လေ့ရှိကာ လုပ်သားများ အခြားလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် လုပ်သားအင်အားထိန်းသိမ်းရန် ခက်ခဲလေ့ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။


လက်ရှိအချိန်တွင် ၅ လက်မ ကြေးဆင်းတုတစ်ဆူလျင် ငွေကျပ် ၉၀ဝ၀ ဝန်းကျင်ခန့်ရှိပြီး ကြေးဆင်းတုအရွယ်အစားနှင့် ပြုလုပ်ရသော လက်ရာ ပညာရပ်များ အသုံးပြုမှုပေါ်မူတည်၍ ဈေးနှုန်း အနည်းအများမတူညီကြောင်း ကြေးဘုရားဆင်းတု ဈေးကွက်မှ သိရသည်။


ဘိုဘို(မလှိုင်)

 

S14900