မိတ္ထီလာ ၃၀  သြဂုတ် 


မိတ္ထီလာဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို သြဂုတ် ၃၀  နံနက် ၉ နာရီက ပေါက်ချောင်းရပ်ကွက်ရှိ ဟိုတယ်ထီလာခန်းမတွင် ကျင်းပကြောင်း သိရသည်။ 


မိတ္ထီလာဒေသတွင် နိုင်ငံခြားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်လေ့လာပြီး ဒေသအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးခင်မောင်ဆွေနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းတို့ အမှာစကားပြောကြားသည်။  


ဆက်လက်၍ မိတ္ထီလာရှိ ဟိုတယ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုပေးနေသည့်အခြေအနေများကို မိတ္ထီလာဟိုတယ်လုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာခင်မောင်မြင့်က  ရှင်းလင်းဆွေးနွေးပြီး Tour Operator Ms. Meree က မိတ္ထီလာဒေသအခြေပြုခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။


ထိုနောက် ကလောမြို့  Ride Behind Kalaw Adventure Touring မှ Operation Manager ကိုကျော်စွာထက်က ကလောမြို့တွင် ဆောင်ရွက်လျက်ရှိသည့်  ၎င်းတို့၏ ခရီးသွားဆောင်မှုလုပ်ငန်းအခြေအနေများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ဒေသခံဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းစိတ်ဝင်စားကြသူများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူများက ပြန်လည်ဆွေးနွေးပြောကြားကြောင်း သိရသည်။ 


ချမ်းသာ (မိတ္ထီလာ)