ရန်ကုန် ၃၀  သြဂုတ် 

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မိုးများဆက်တိုက်ရွာသွန်းလျက်ရှိသောကြောင့် သီးနှံကာကွယ်ရေးဆိုင်ရာ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲက သတိပေးချက် ထုတ်ပြန်လိုက်သည်။

စိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများ၊ ဟင်းသီးဟင်းရွက်၊ ကြက်သွန်နီ၊ ငရုတ် စသည့်သီးနှံများ၏ စိုက်ခင်းနှင့် ပျိုးခင်းများတွင် ရာသီဥတုစိုစွတ်ခြင်းကြောင့် စိုက်ပျိုးသီးနှံများတွင် မှိုရောဂါများ (ပိုးပင်နာကျ၊ ခါးရိရောဂါများ၊ မှိုသီး၊ သံချေးနှင့် မြစ်ဆွေးမြစ်ခြောက်များ၊ နှောင်းပင်နာကျ၊ ရွက်ခြောက်များ) နှင့် အခြားရောဂါများ ကျရောက်တတ်ကြောင်း သတိပေးချက်ထုတ်ထားခြင်းဖြစ်သည်။

ထို့ပြင် အခြားရောဂါများဖြစ်သည့် ဘက်တီးရီးယား ရွက်စင်းနှင့် ရွက်ခြောက်၊ ပင်ခြေပုပ်၊ ဘက်တီးရီးယား ပင်ညှိုး၊ အင်းဆက်ပိုးများအနေဖြင့် စုပ်စားပိုးများဖြစ်သည့် ဖြုတ်ညို၊ ပျ၊ လှေး၊ နှံစုပ်ဂျပိုး၊ မီလီဂျပိုး၊ ယင်ဖြူနှင့် ခူမွေးရှည်များ ကျရောက်တတ်ကြောင်း သတိပေးချက်တွင် ပါရှိသည်။

ရေကြီးရေလျှံမှုများကြောင့်ပျက်စီးသွားသည့်စပါးစိုက်ခင်းများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်သည့်အချိန်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး၍ မျိုးစပါးများထောက်ပံ့ပေးရန် အစီအစဉ်ရေးဆွဲထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးသောင်းဝင်းက ပြောကြားသည်။

မိုးရွာသွန်းမှုကြောင့် စိုက်ခင်းအတွင်းရေဝပ်ပါကရေထုတ်နိုင်ရန်ဆောင်ရွက်ခြင်း၊ ပျိုးဘောင်နှင့် စိုက်ဘောင်များ ရေမဝပ်စေရန် မြင့်တင်ပေးခြင်း၊ ကန်သင်းနှင့် ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကိုရှင်းလင်းခြင်း၊ ရောဂါရပင်ကြွင်းပင်ကျန်များကို ဖယ်ရှားပြီး မီးရှို့ဖျက်ဆီးခြင်း၊အခြေအနေပေးပါက မီးခိုးမှိုင်းတိုက်ခြင်းတို့ ဆောင်ရွက်ပေးရမည်ဟု သတိပေးချက်တွင် ပါရှိသည်။

ပိုးမွားရောဂါဒဏ်ခံနိုင်ရန်အတွက်ပိုတက်ရှ်ဓာတ်မြေသြဇာကို ထည့်သွင်းအသုံးပြုခြင်း၊ သီးနှံကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သီးနှံကာကွယ်ရေးဌာနခွဲကဖြန့်ဝေထားသည့် မိုဘိုင်းလ်အက်ပလီကေးရှင်းတွင် ကြည့်ရှု၍ တရားဝင်မှတ်ပုံတင်ထားသည့် ပိုးသတ်ဆေးများကို အသုံးပြုပက်ဖျန်းနိုင်ပြီး သီးနှံကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ဆက်သွယ်အကြံဉာဏ် တောင်းယူနိုင်ကြောင်း သီးနှံကာကွယ်ရေးဌာနခွဲမှ သိရသည်။

သူရိန်ကျော်