ရန်ကုန် ၃၀ သြဂုတ်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ SME လုပ်ငန်း ၁ဝဝ ကို ချေးငွေရရှိရန် တိုင်းအစိုးရက ထပ်မံရွေးချယ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သြဂုတ် ၂၈ ရက်က ရန်ကုန်တိုင်းရင်နှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က  ပြောသည်။


"SME လေးသောင်းကျော်ရှိပါတယ်၊ အဲဒီထဲကနေပြီးတော့ potential ရှိတဲ့ SME ၁ဝဝ ကိုရှာပြီးတော့ ရွေးခဲ့ပါတယ်၊ အဲဒီထဲက ၄ဝ ကျော်က ချေးငွေရရှိပြီးဖြစ်တဲ့အတွက် ကုမ္ပဏီ ၆ဝ ကျော်လောက်ကို ကျွန်တော်တို့ ထောက်ခံချက်ပေးရတယ်၊ ထောက်ခံချက်ပေးတဲ့အခါမှာ အခုဆိုရင် သက်ဆိုင်ရာဘဏ်တွေနဲ့ ညှိနှိုင်းပြီးတော့ ချေးငွေရရှိရေးကို စီစဉ်ဆောင်ရွက်နေကြပါပြီ၊ ပထမအဆင့် ၁ဝဝ ရွေးတဲ့နေရာမှာ ၆ဝ ကျော်လောက်ကို ချေးငွေစိစစ်ရေးကော်မတီက အတည်ပြုလိုက်ပါပြီ။ ဒုတိယအဆင့်အနေနဲ့လည်း နောက်ထပ် ၁ဝဝ ပေးဖို့ အစီအစဉ်လုပ်နေပါတယ်"ဟု ဝန်ကြီးက ပြောသည်။


ရန်ကုန်တိုင်းအတွင်းရှိ SME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးသည် အရေးကြီးသောကြောင့် ထပ်မံ၍ ဒုတိယအကြိမ် SME လုပ်ငန်းရှင်တစ်ရာကို ချေးငွေရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။


"နောက်ထပ် ၁၀ဝ လောက်ကိုလဲ စိစစ်ပြီး ထပ်ပေးဖို့ ပြင်ဆင်ပါ့မယ်၊ အဓိကကတော့ ကျွန်တော်တို့ SME ဆောင်ရွက်တဲ့သူတွေက ငွေစာရင်းသုံးစွဲမှု စာရင်းအင်းတွေနဲ့ပတ်သက်ပြီး စနစ်တကျဖြစ်စေနိုင်ဖို့အတွက် အသိပညာပေးမှုတွေကိုလဲ အများကြီးဆောင်ရွက်နေတယ်၊ ဘာကြောင့်လဲဆို မိသားစုစီးပွားရေးလိုမျိုးလုပ်တာဖြစ်တဲ့အတွက် စာရင်းအင်းတွေကို  ပြုစုဆောင်ရွက်တဲ့နေရာမှာ ချေးငွေတောင်းခံဖို့ ဆောင်ရွက်တဲ့ စာရင်းအင်းမျိုးအထိ မဖြစ်လာတာမျိုး ရှိပါတယ်၊ ဒါမျိုးတွေကို စနစ်တကျဖြစ်လာဖို့အတွက် ဆက်လက်ဆောင်ရွက်နေပါတယ်"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။


ထိုသို့ SME လုပ်ငန်းများအား ချေးငွေထုတ်ချေးရာတွင် ပေါင်နှံပစ္စည်းပေးရသည့် ချေးငွေနှင့် ပေါင်နှံပစ္စည်း ပေးစရာမလိုသည့် ချေးငွေဟူ၍နှစ်မျိုးရှိပြီး  ပေါင်နှံပစ္စည်း ပေးစရာမလိုသည့်  ချေးငွေဆိုပါက ကျပ် သိန်း ၂ဝဝ မှ ၅ဝဝ ခန့်သာ ရရှိပြီး ပေါင်နှံပစ္စည်း ပေးရသည့် ချေးငွေသည် ပေါင်နှံပစ္စည်းပေါ်မူတည်ကာ ငွေကျပ် သိန်း ၂ဝဝဝ မှ ၃ဝဝဝ ခန့်ရရှိနိုင်ကြောင်း ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။


"ချေးငွေကတော့ နှစ်မျိုးနှစ်စားရှိပါတယ်၊ ပေါင်နှံပစ္စည်းပေးတာနဲ့ ပေါင်နှံပစ္စည်းမပေးတဲ့ နည်းနဲ့ဖြစ်တယ်၊ အဓိကအားဖြင့်တော့ အသေးစားလုပ်ငန်းတွေက မြေတို့ အဆောက်အအုံတို့ အပေါင်နှံပစ္စည်းမပေးနိုင်တဲ့အတွက် ဘဏ်တွေကို အပေါင်ခံပစ္စည်း မပေးဘဲနဲ့ ချေးတာပေါ့၊ ချေးတဲ့အခါ ဒီအာမခံပေါ့လေ၊ အာမခံစနစ်နဲ့သွားကြရတယ်၊ ချေးတဲ့အခါမှာလည်း ရတဲ့ချေးငွေပမာဏ Amount က နည်းလေ့ရှိပါတယ်၊ ပေါင်းနှံပစ္စည်းပါပြီး ချေးရင်တော့ ပေါင်နှံပစ္စည်းရဲ့တန်ဖိုးပေါ် မူတည်ပြီးတော့မှ ပိုပြီးရပါတယ်"ဟု  ဝန်ကြီး ဦးမြင့်သောင်း က  ပြောသည်။


SME လုပ်ငန်းများကို ဘဏ်များအနေဖြင့် ချေးငွေထုတ်ချေးရာတွင် ဘဏ်၏မူဝါဒအရ ချေးငွေအပေါ် ပြန်ဆပ်နိုင်သည့်အင်အား၊ လုပ်ငန်းအောင်မြင်မှုအခြေအနေပေါ် မူတည်ကာ ထုတ်ချေးခြင်းဖြစ်ကြောင်း၊ ထိုသို့ ထုတ်ချေးရာတွင်လည်း ဘဏ်အတွင်းရှိ ငွေများကို ထုတ်ချေးသည့်အပြင် Two Step Lone ဖြင့် နိုင်ငံတကာချေးငွေများရယူကာ တဆင့်ပြန်လည်ထုတ်ချေးခြင်းတိ်ု့ကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။


ထိုသို့ ချေးငွေထုတ်ချေးမည့် SME လုပ်ငန်းများတွင်  အငယ်စား၊ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ၊ ပန်းပု၊ ယွန်းထည်၊ ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း စသည်တို့ကို ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးတွင်  SME လေးသောင်းခန့်ရှိပြီး ယင်းအနက် ပထမအကြိမ် စီးပွားရေးအောင်မြင်မှု အလားအလာရှိနိုင်သည့် လုပ်ငန်းပေါင်း ၆၃ ခုကို ချေးငွေရရှိရေး ထောက်ခံချက်လက်မှတ်များ ထုတ်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာ ဆောင်ရွက်ချက်များ သတင်း စာရှင်းလင်းပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ပြောကြားထားသည်။


Nyein Nyein