နေပြည်တော် ၃၀ သြဂုတ်
ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ကိစ္စရပ်များတွင် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အခြေခံဈေးနှုန်းသတ်မှတ် ပေးရေးသည် အရေးကြီးပါကြောင်း၊ ယင်းကိစ္စရပ်သည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို တွန်းအားပေးနိုင်သည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးစပါးများ စိုက်ပျိုးနေကြပြီဖြစ်ပါကြောင်း၊ တချို့ဒေသများတွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် သီးနှံများပျက်စီးခဲ့ရသော်လည်း ထိခိုက်မှုနည်းသည့် အတွက် တစ်နိုင်ငံလုံးစပါးစိုက်ပျိုးမှု အခြေအနေက အကောင်းဘက်တွင် ရှိပါကြောင်း၊ ဆန်၊ စပါးဈေးနှုန်းမှာလည်းထုတ်လုပ်မှု ကုန်ကျစရိတ်၏ အထက်တွင်ရှိနေပါကြောင်း၊ လက်ရှိအချိန် တွင် မိုးစပါးပေါ်ရန် တစ်လခန့်သာလိုတော့သဖြင့် မိမိတို့လုပ်ငန်းကော်မတီ အနေဖြင့် တစ်ဧက စပါးထုတ်လုပ်မှု ကုန်ကျစရိတ်ကို စနစ်တကျ တွက်ချက်ထားရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ဈေးနှုန်းသတ်မှတ်ရာတွင် ထုတ်လုပ်မှုကုန်ကျစရိတ်ကို အခြေခံ၍ အခြေခံဈေးနှုန်း သတ်မှတ်ပေးရန်ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်မှာတွက်ချက်ရာတွင်လည်း လက်တွေ့ အချက်အလက်များကို အခြေခံပြီး တွက်ချက်ရမည်ဖြစ်ပါကြောင်း၊ အခြေခံဈေးနှုန်းအား ဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားကိုပါ ထည့်သွင်းတွက်ချက်ပေးရမည်ဖြစ်ပါကြောင်း၊ တောင်သူ များလည်း အကျိုးရှိလုပ်ငန်းရှင်များလည်း အကျိုးရှိသည့် ဈေးနှုန်းဖြစ်ရန်လိုပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် လိုအပ်သည့် အကူအညီများလိုအပ်ပါက ကော်မတီအစည်းအဝေးတွင် ဆွေးနွေးပေးရန်ဖြစ်ပါကြောင်း၊ ဆွေးနွေးချက်များကိုဦးဆောင်ကော်မတီသို့ တင်ပြ၍ လမ်းညွှန်မှုရယူသွားမည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူက ဆန်၊ ပဲအမျိုး မျိုးနှင့် ပြောင်းစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှု၊ ဈေးကွက်အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက ဆန်စပါးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီ၏ ဆောင်ရွက်သင့်သည့် အချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်းတို့မှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


