နေပြည်တော် ၃၀  ဩဂုတ် 
    

တစ်ဘက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ASEAN-ERAT အဖွဲ့၏ ကနဦး လိုအပ်ချက်ဆန်းစစ် လေ့လာမှု အစီရင်ခံစာအား ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း အတည်ပြုခဲ့ပြီးဖြစ်ရာ အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည့် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
    

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြန်လည်လက်ခံရေး လုပ်ငန်းများနှင့် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အခက်အခဲများစွာကြားမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း ပဋိပက္ခများ မဖြစ်ပွားမီကပင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသည့် သန္နိဌာန်ချမှတ်၍ မဆုတ်မနစ်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ကြိုးပမ်းအားထုတ်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နားလည်သိရှိကြမည်ဟု ယုံကြည်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် UEHRD သည် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ UEHRD သည် အစိုးရ၊ ပုဂ္ဂလိကအပါအဝင်လူ့အဖွဲ့အစည်းတစ်ခုလုံး ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထို့အတူ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီအနေဖြင့်လည်း ကိုဖီအာနန်ကော်မရှင်၏ အကြံပြု ချက်များအားအကောင်အထည်ဖော်တိုးတက်မှုရှိစေရန် ညှိနှိုင်းပေါင်းစပ်မှုများဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
    

အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့်လေ့လာဆန်းစစ်ရေး(ASEAN-ERAT) အဖွဲ့၏ ကနဦး လိုအပ်ချက်ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာ  (Preliminary Needs Assessment for Repatriation –PNA) သည် နိုင်ငံအတွက် အကျိုးရှိသည့် အစီရင်ခံစာ တစ်ခုဖြစ်ပါကြောင်း၊  အစီရင်ခံစာပါ အကြံပြုချက်(၃)ခုဖြစ်သည့် ပြန်လည်လက်ခံရေးစခန်းနှင့် ကြားစခန်းတို့ကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေး၊ သတင်းအချက်အလက် ဖြန့်ဝေခြင်းနှင့် အခြေခံဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ယနေ့ အစည်းအဝေးတွင် အသေးစိတ်လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ အကြံပြုချက်များနှင့်အညီ ASEAN-ERAT အဖွဲ့ဝင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားသို့ အဆင့်မြင့်အရာရှိကြီးများအဖွဲ့ သွားရောက် လေ့လာရာတွင် ဖိတ်ကြားခဲ့ပါကြောင်း၊ ထိုနည်းတူစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၏ တရားဝင်အကြောင်းကြားချက်အရ ဩဂုတ် (၂၂)ရက်တွင် နေရပ်စွန့်ခွာသူများအား  ပြန်လည်လက်ခံရာ၌ လာရောက်လေ့လာနိုင်ရန် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ ဖိတ်ကြားဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးမှ မြေပြင်လက်တွေ့ဆောင်ရွက်နိုင်ပြီး အကျိုးရှိထိရောက်မည့် စီမံကိန်းလုပ်ငန်းများကို ဖော်ထုတ်ဆွေးနွေးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
    

အစည်းအဝေး၏ ဒုတိယပိုင်းအစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင်ဒေသနှင့် ကိုက်ညီသော လုပ်ငန်းများအား အကောင်အထည်ဖော်ရန် လိုအပ်သည်များကို မှာကြားခဲ့ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး Mr. Nguyen KyAnh က နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံအနေဖြင့် ပါဝင်ဆောင်ရွက်မှုများကိုလည်းကောင်း၊ AHA Centre ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Arnel Capili က ကနဦးဆန်းစစ်ချက်အစီရင်ခံစာပါ အကောင်အထည်ဖော်ရမည့်လုပ်ငန်းများနှင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်တွင်း စွမ်းဆောင်ရည်မြှင့် သင်တန်းပို့ချခြင်းလုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
    

ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ဦးစီးဌာနများက ကဏ္ဍအလိုက် အကောင်အထည်ဖော်နေသော လုပ်ငန်းများနှင့် ကူညီပံ့ပိုးရန် လိုအပ်သည့်လုပ်ငန်းများကို အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့ကြပြီး၊ တင်ပြမှုများအပေါ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    

နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ထားသည့် လုပ်ငန်းများ၊ ဆောင်ရွက်ရန် လိုအပ်နေသည့် လုပ်ငန်းများ၊ ကွာဟချက်များနှင့်အာဆီယံမှ အဆိုပြုလိုသည့်အကူအညီ အမျိုးအစားများကို Timeline များဖြင့် အသေးစိတ်ရေးဆွဲ၍ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်