နေပြည်တော် ၃၀  သြဂုတ် 

 

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၉ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် လုပ်ငန်းရှင်များ နှင့် ရတနာကုန်သည်များအနေဖြင့် ရတနာပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်သွားကြရန်နှင့် ယခင်ကျင်းပပြီးဖြစ်သည့် ပြပွဲများ၏ အားသာချက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ပြီး အားနည်းချက်များကို ပြုပြင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် ကျောက်မျက်ရတနာ သယံဇာတပစ္စည်းများ ပေါကြွယ်ဝသော်လည်း အရိုင်းအဖြစ်သာ ထုတ်လုပ်ရောင်းချမှု ပိုမိုများပြားသည်ကို တွေ့ရှိရပါကြောင်း၊ အဖိုးတန်ကျောက်မျက်ရတနာသယံဇာတများ တစ်စတစ်စ  ရှားပါးလာသော ယနေ့ခေတ်တွင် တန်ဖိုးမြင့် ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာများ ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်ဖော်ဆောင်ရေးနှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက် တင်ပို့ ရောင်းချနိုင်ရေးကိုလည်း မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ကျောက်မျက်ရတနာအချောထည် ပို့ကုန်ကဏ္ဍကို တိုးချဲ့လုပ်ကိုင်ခြင်း၊ ပညာရှင် နှင့် ကျွမ်းကျင်ဝန်ထမ်းများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးစီမံဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိရန် ဆောင်ရွက်ခြင်း၊ မြန်မာ့ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ၏ ဖြစ်ပေါ်တိုးတက်မှုများကို နိုင်ငံတကာက သိရှိနိုင်ရန် Social Mediaများအသုံးပြုခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ပြပွဲဆိုင်ရာ လုပ်ငန်းများအတွက် အသုံးစရိတ်များ သုံးစွဲရာတွင်လည်း စနစ်တကျစိစစ်သုံးစွဲ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းရှင်းလင်းတင်ပြနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် စီမံရေးရာလုပ်ငန်းကော်မတီ၊ ကျောက်စိမ်းလုပ်ငန်းကော်မတီ၊ ကျောက်မျက်လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာရေးလုပ်ငန်း ကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌများက ပြပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဗဟိုကော်မတီတွင် အဆုံးအဖြတ်ရယူရန်နှင့် အတည်ပြုချက်ရယူရန် ကိစ္စများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

 

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပြပွဲဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်