ရန်ကုန် ၃၀ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုမိုးတွင်းကာလ၌ ကမ်းပြိုမှုဖြစ်ပွားသည့်နေရာ ၈ နေရာရှိပြီး ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော နေရာပေါင်း ၂၀ ခန့်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်၊ အဒွန်းကျေးရွာအုပ်စု၊ သံကြိုးတိုင်အထက်တန်းကျောင်းရှေ့၊ မြောက်ဥက္ကလာပမြို့နယ် ဝဇီရာလမ်းအနီး၊ ထန်းတစ်ပင်မြို့နယ် စံကင်းကြီးကျေးရွာ၊ မှော်ဘီမြို့နယ် ရေပေါ်သဲကျေးရွာအနီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် (၉၃) ရပ်ကွက်၊ တိုက်ကြီးမြို့နယ် ကွေ့ကုန်းကျေးရွာအနီး၊ ကော့မှူးမြို့နယ် ရေကျော်ကျေးရွာ အနီး၊ ရွှေပြည်သာမြို့နယ် တောင်မုနိအနီးတို့တွင် ကမ်းပြိုမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်စတင်ထိတွေ့သော အဖျောက်မြို့ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးမှူး ဦးကျော်ဝင်းလှိုင်က “အဖျောက်ဆိုရင် မြစ်ကြောင်းသွင်ပြင်အရ မြစ်ကွေးဘက်မှာ ရှိနေတဲ့ ကမ်းပြိုကမ်းစားမှုဟာ နှစ်စဉ်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ နှစ်စဉ်ဖြစ်ပေါ်တဲ့အတွက် ကမ်းပြိုကမ်းစားမှုတွေ မဖြစ်အောင် ရေလမ်းကြောင်းတွေ၊ မြို့အခြေကနေ ရေနက်ကြောင်းတွေ ဝေးကွာအောင် ရေလမ်းထိန်း ရေကာတွေ၊ တိုက်ရိုက်ကမ်းပြိုမှုကာကွယ်ရေးတွေ ဆောင်ရွက်ပေးခဲ့ရပါတယ်” ဟု ရှင်းပြသည်။
တွံတေးတူးမြောင်းသည် စတင်ဖောက်လုပ်ခဲ့သည့် အနေအထားမှ လက်ရှိအချိန်အထိ ရေလမ်းကြောင်းများ ကျယ်လာပြီး ရေစူးလည်း ပိုနက်လာကာ မြစ်ချောင်းများ၏ သဘာဝအရ ကမ်းပြိုကမ်းစားမှုများ ဖြစ်ပွားလာသည့်အတွက် တွံတေးတူးမြောင်းအတွင်း ရေဝင်အားကိုထိန်းရန် လိုအပ်လာသည်။ တိုးမြစ်အတွင်း စီးဆင်းသည့်ရေနှင့် တွံတေးတူးမြောင်းအတွင်းစီးဆင်းသည့်ရေကို မျှခြေဖြစ်အောင် ထိန်းရန်လိုအပ်သည့်အတွက် တွံတေးတူးမြောင်းထိပ် ၂၁ မိုင်တွင် ရေဝင်အားကို ထိန်းနိုင်မည့် ရေလမ်းထိန်းရေကာများ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တွံတေးမြို့ရှေ့ရှိ ကမ်းပြိုမှုများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နိုင်ခဲ့ပြီး တွံတေးမြို့ခြေရှိ ရေနက်ကြောင်းကို မြို့နှင့်ဝေးကွာအောင် ရေကာများတည်ဆောက်၍ ထိန်းသိမ်းမှုများဆောင်ရွက် ခဲ့ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တွံတေးတူးမြောင်း ၁၉ မိုင်နှင့် မိုင် ၂၀ နေရာများတွင် ဝဲနှစ်ခုဖြစ်ပေါ်လျက်ရှိရာ ရေလမ်းထိန်းရေကာများ ဆောင်ရွက်ထားကြောင်း သိရသည်။ ထို့ပြင် ၃ မိုင်ခွဲနှင့် ၇ မိုင်အကြားတွင် ယခင်ဘဏ္ဍာရေးနှစ်က ဆောင်ရွက်ခဲ့သော ကမ်းပြိုကမ်းပါးကာကွယ်ရေးလုပ်ငန်းများကို ဆင့်ပွား ဆောင်ရွက်လျက်ရှိပြီး တွံတေးတူးမြောင်း ၁ မိုင်ခွဲနေရာ ဒလဘက်ပိုင်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် တွံတေးတူးမြောင်း ရေဝင်အားထိန်းသိမ်းရန်နှင့် ကမ်းပြိုမှုများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်မြစ်၊ ရန်ကုန်မြစ်၊ မှော်ဝန်းချောင်း၊ ဘောလယ်မြစ်၊ ပန်းလှိုင်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်း၊ ကုက္ကိုဝမြစ်၊ ခနောင်တိုချောင်း၊ တွံတေးတူးမြောင်း၊ တိုးမြစ်၊ ဧရာဝတီမြစ်တို့ စီးဆင်းလျက်ရှိပြီး စုစုပေါင်း ရေလမ်းမိုင် ၃၁၈.၆ မိုင်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


