နေပြည်တော် ၃၀  သြဂုတ် 

ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်တို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့် အဆင့်မြင့်ပညာပုဂ္ဂလိကကျောင်းများ လုပ်ငန်းညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးကော်မတီ၊ ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ၏ ပညာအရည်အသွေး စစ်ဆေးအကဲဖြတ်ရေး ကော်မတီနှင့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ရှိ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က အဆင့်မြင့်ပညာ ပုဂ္ဂလိကကျောင်းများကို စိစစ်မှတ်ပုံတင်ရေးနှင့် ပညာအရည်အသွေး စစ်ဆေးအကဲဖြတ်ရေးတို့ကို ဆောင်ရွက်ရန် ကော်မတီများ ဖွဲ့စည်းပြီးမှု၊ အဆင့်မြင့်ပညာ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်တည်ထောင်ခွင့်ရရှိရန် စိစစ်ရေးနှင့် မှတ်ပုံတင်ရေးကော်မတီကို ပညာရေးဝန်ကြီးဌာနမှ ဖွဲ့စည်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဝင့်၊ ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိက ကျောင်းများကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်မောင်တို့က လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြပြီး အဆင့်မြင့်ပညာပုဂ္ဂလိကကျောင်းများကို စိစစ်မှတ်ပုံတင်ရာတွင် အဆိုပြုတင်ရမည့် အချက်အလက်များကို အတည်ပြု ဆုံးဖြတ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကော်မရှင်၊ ကော်မတီများအနေဖြင့် အမျိုးသားပညာရေးဥပဒေအရ ကျောင်းများဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်းဆိုင်ရာ မူဝါဒများအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဥပဒေပညာရှင်များမှ အမျိုးသားပညာရေးဥပဒေပါ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုရန် လိုအပ်ကြောင်း ပြောကြားသည်။

သတင်းစဉ်