တာဆီတော်လူ ၃၀ ဩဂုတ်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တီမောလက်စ်တေနိုင်ငံ၏ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တီမောလွှတ်တော် ကျင်းပမှုကို တက်ရောက်လေ့လာကြသည်။
ရှေးဦးစွာ လွှတ်တော်အစီအစဉ်အတိုင်း ကျင်းပပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ ပေါ်တူဂီနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တီမောလက်စ်တေနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမှာစကား ပြောကြားသည်။ ထို့နောက် တီမောလက်စ်တေနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် လွှတ်တော်အတွင်း ခင်းကျင်းပြသထားသည့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လှည့်လည် ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၌ တီမောလက်စ်တေနိုင်ငံ၏ ဝန်ကြီးချုပ် Mr.Taur Matan Ruak နှင့် ဇနီးတို့က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။
(သတင်းစဉ်)


