တာဆီတော်လူ ၃၀ သြဂုတ်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ ညနေပိုင်းတွင် တီမောလက်စ်တေနိုင်ငံ၊ မြို့တော် ဒီလီ၏ အနောက်ဘက်ကမ်းရိုးတန်းရှိ Tasitolu ငြိမ်းချမ်းရေးပန်းခြံ၌ ကျင်းပသည့် တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးသံတမန်အဖြစ် တက်ရောက်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော အင်ဒိုနီးရှားနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဒေါ်ငြိမ်းအိဖြူတို့လည်း တက်ရောက်ကြသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ပြီး တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ Francisco Guterres Lu-Olo က အဖွင့်အမှာစကားပြောကြားသည်။ယင်းနောက် ၎င်းနိုင်ငံ အကျိုးစီးပွားအတွက် ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များအား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

ထို့နောက် ရိုးရာယဉ်ကျေးမှု အဆိုအကနှင့် တေးဂီတတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားကျင်းပရာ Tasitolu ငြိမ်းချမ်းရေးပန်းခြံကို သမိုင်းကြောင်းဖြစ်ရပ်များနှင့် ယဉ်ကျေးမှု အစဉ်အလာများအရ ၂၀ဝ၂ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကမ်းရိုးတန်းရှိ ကာကွယ်တောတွင် ရေတိမ်ပိုင်း၊ စွတ်စိုမြေနှင့် ဆားငန်ရေကန်တို့ ပါဝင်ကာ ဧရိယာမှာ ဟက်တာ (၁၅၄၀) ကျယ်ဝန်းသည်။ ၎င်းတွင် ၂၀၁၂ ခုနှစ်က ဆောက်လုပ်ခဲ့သော ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးနှင့် အနီရောင်ရှိသော သဘာဝရေကန်တို့ တည်ရှိရာ နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည်။

တီမောလက်စ်တေနိုင်ငံသည် ပေါ်တူဂီတို့လက်အောက်တွင် ၁၆၄၀ ပြည့်လွန် နှစ်များမှစ၍ ၁၉၇၅ ခုနှစ်ထိ နှစ်ပေါင်းသုံးရာကျော် ကိုလိုနီဖြစ်ခဲ့သည်။ ၎င်းနိုင်ငံ ပြည်သူတို့၏ တွန်းလှန်မှုဖြင့် ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် လွတ်လပ်ရေး ကြေညာနိုင်ခဲ့သော်လည်း ၁၉၇၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် အင်ဒိုနီးရှား၏  သိမ်းပိုက်မှုကို ခံရသည်။ သို့သော် ၎င်းနိုင်ငံ ပြည်သူတို့က လက်မခံဘဲ ဆန့်ကျင်တိုက်ခိုက်မှုဖြင့် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့ကြသည်။

၁၉၉၉ ခုနှစ် သြဂုတ် ၃၀ ရက်တွင် လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပြီး မဲပေးကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှ စ၍ အရှေ့တီမောသို့ ငြိမ်းချမ်းရေးမစ်ရှင် ဖွဲ့စည်းစေလွှတ်ဆောင်ရွက်ခဲ့ပြီး ၂၀ဝ၂ ခုနှစ် မေ ၂၀ ရက် တွင် လွတ်လပ်သော တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံအဖြစ် ကြေညာနိုင်မှုနှင့်အတူ ကုလသမဂ္ဂ၏ (၁၉၁) နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ပါလီမန်ရွေးကောက်ပွဲကျင်းပပြီး သမ္မတကို စတင်ရွေးချယ်တင်မြှောက် နိုင်ခဲ့ကြသည်။

၎င်းတို့ နိုင်ငံလွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လူထုဆန္ဒခံယူပွဲတစ်ရပ်ကို ရဲဝံ့သတ္တိရှိစွာဖြင့် ကျင်းပနိုင်ခဲ့ကြပြီး  ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် မဲပေးကာ ဆန္ဒဖော် ထုတ်ပြသနိုင်ခဲ့ကြသည်။

ထိုသို့ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြသည့် ၁၉၉၉ ခုနှစ် သြဂုတ် ၃၀ ရက်မှ ယခုအခါ နှစ်ပေါင်း (၂၀) ပြည့်မြောက်ခဲ့ပြီဖြစ်ရာ ၎င်းနေ့ထူးနေ့မြတ် အထိမ်းအမှတ်အခမ်းအနားကို ဂုဏ်ယူစွာဖြင့် ကျင်းပခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တီမောလက်စ်တေ ဒီမိုကရက်တစ်  သမ္မတနိုင်ငံတို့သည် ၂၀ဝ၆ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှစ၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြခြင်းဖြစ်ပြီး ယနေ့ကျင်းပသော အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးသံတမန်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မြဲကောင်းမွန်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်များပြားလာနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)

mdn