နေပြည်တော် ၃၁ ဩဂုတ်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါဆုံးမှာ ယင်းနိုင်ငံက ပိုင်ဆိုင်သည့် လူသားအရင်းအမြစ် ဖြစ်သည်ဟု ဆိုကြသည်။ လူသားအရင်း အမြစ်ဟုဆိုရာတွင်လည်း လူတစ်ဦးချင်းစီ၏ အရည်အသွေးအပြင် ယင်းနိုင်ငံ၏ လူ့အဖွဲ့အစည်းအပေါ်တွင် လွှမ်းမိုးနေသော၊ သြဇာသက်ရောက်နေသော ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အတွေးအခေါ် အယူအဆများမှာလည်း နိုင်ငံနှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါလှသည်။ အရည်အသွေးနိမ့်ကျသူများ၊ စွမ်းဆောင်လိုစိတ် ကင်းမဲ့သူ၊ စိတ်ဓာတ်ခွန်အားချို့တဲ့သူများက မိမိတို့၏ လူ့အဖွဲ့အစည်းကိုလည်းကောင်း၊ နိုင်ငံကိုလည်းကောင်း မြှင့်တင်နိုင်ကြမည်မဟုတ်ဟု ဆိုလိုသည်။
ရှိတာလေးနှင့် လှအောင်ဝတ်၊ ရတာလေးနှင့် ဝအောင်စား၍ ရောင့်ရဲ တင်းတိမ်စွာ နေထိုင်နည်းထက် “အပေါ်အလွင်၊ ပျော်ရွှင်မပါး၊ လောင်းစားကြက်ငှက်၊ မလေ့ကျက်နှင့်။ အသက်မွေးမှု၊ တစ်ခုခုကို၊ လုပ်မှုဆောင်ခင်း၊ မပျင်းမရိ၊ မိမိတို့တွင်၊ အကျင့်လက္ခဏာ၊ လူ့ဘာသာလျှင်၊ ဥစ္စာရှိကြောင်း၊ အရောင်းအဝယ်၊ ကုန်စလယ်သွား၊ မနေနားဘဲ၊ ပျားပိတုန်းဟူ၊ ဝတ်ရက် ယူသို့၊ လူစဉ်မီအောင်၊ ကြိုးစားလေ” ဟူသော ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာနှင့်အညီ ကြိုးပမ်းကြခြင်းဖြင့် မိမိနှင့်တကွ၊ မိမိ၏ လူ့အဖွဲ့အစည်း၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းခြင်းကို ပို၍အလိုရှိအပ်သည်။ “အဋ္ဌာရသ၊ သိပ္ပမကြွင်း၊ နှလုံးသွင်း၍၊ အခင်းအရာ၊ ရှိသောခါလည်း၊ နှုတ်ပါလက်ရေး၊ ဇယ်ထောင်သောင်းကို၊ ဒိုးကောင်းပြေးသို့၊ လူရေးလူရာ၊ ပီလှစေ” ဟူသော အဆုံးအမနှင့်အညီ အတတ်ပညာတို့ကို လေ့လာသင်ကြားတတ်မြောက် ကျွမ်းကျင်ခြင်းဖြင့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသူ၊ လူရေးလူရာပီသူ၊ အရေးပါ အရာရောက်သူများဖြစ်အောင်လည်း မိမိကိုယ်ကိုယ်မိမိ ဖြည့်ဆည်းကြရန်လည်း လိုအပ်သည်။ သို့ဖြစ်သည့်အလျောက် သမိုင်းအစဉ်အလာအားဖြင့် အသက်မွေး ဝမ်းကျောင်းအလုပ်များကို မပျင်းမရိ ဝီရိယရှိရှိ လုပ်ကိုင်ခဲ့ကြသော၊ လက်ရုံးရည် နှလုံးရည် ပြည့်ဝအောင် စွမ်းဆောင်ကြိုးကုတ် အားထုတ်ကြရန် ဆုံးမသွန်သင်ခဲ့သည့် ယဉ်ကျေးမှုအခိုင်အမာရှိခဲ့သော မိမိတို့၏ လူ့အဖွဲ့အစည်းတွင် လူတစ်ဦးချင်းစီ၏ အရည်အသွေး၊ အစွမ်းအစတိို့ကို အပြည့်အဝ ဖော်ထုတ်အသုံးချနိုင်လာစေရန် တိုက်တွန်းအားပေးမှုများ ပြုကြရမည်ဖြစ်သည်။
တင်းတိမ်ရောင့်ရဲမှုကို တလွဲအကြောင်းပြကာ ဆင်းရဲတွင်းမှ ရုန်းထွက်ရန် မကြိုးစားလိုသည့်စိတ်၊ လုံ့လဝီရိယမထုတ်ဘဲ အေးအေးလူလူ ငိုက်မျဉ်းနေလိုသည့်စိတ်၊ ဆာလောင်လာသည့် အချိန်ကျမှ ထမင်းကြမ်းခဲ ထရှာလိုသည့်စိတ်တို့ကို မိမိတို့ယဉ်ကျေးမှုထဲမှ အပြီးတိုင်မောင်းထုတ် ထားရန်လည်း လိုအပ်လှသည်။ ကမ္ဘာပေါ်တွင် မဖွံ့ဖြိုးမတိုးတက်သည့် နိုင်ငံများမှာ ရာသီဥတုနှင့် ပထဝီအနေအထားအရ ကံအကြောင်းမလှခြင်း၊ သဘာဝအရင်းအမြစ်ချို့တဲ့ခြင်း၊ လူမျိုးတို့၏ အရည်အသွေးနိမ့်ကျခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေသည့် ဓလေ့ထုံးစံယဉ်ကျေးမှုတို့မရှိခြင်း စသည့် အကြောင်းတရားများစွာတို့နှင့် ပတ်သက်နေသည်ဟု သုတေသီတို့က ဆိုကြသည်။ အဆိုပါအချက်များနှင့် ချိန်ထိုးကြည့်ပါက မိမိတို့နိုင်ငံတွင် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် မည်သည်တို့ပြည့်စုံ၍ မည်သည်တို့ လိုအပ်နေသည်ကို မှန်းဆကြည့်နိုင်မည်လည်းဖြစ်သည်။
သယံဇာတအရင်းအမြစ် နည်းပါးသော်လည်း ကမ္ဘာ့ထိပ်တန်းရောက်ခဲ့သည့် နိုင်ငံများအနက်မှ အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံကို သာဓကတစ်ရပ်အဖြစ် ရှုမြင်ကြည့်နိုင်သည်။ မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှင့် ခေတ်ပြိုင် ဂျပန်နိုင်ငံတွင် ၁၈၆၀ ခုနှစ် မေဂျီခေတ်တွင် ပြုပြင်ပြောင်းလဲရေးများကို စတင်ပြုလုပ်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ခေါင်းဆောင်များက စနစ်တကျ ချမှတ်ပေးခဲ့ပြီး ဂျပန်တစ်မျိုးသားလုံးကလည်း အလေးအနက်လိုက်ပါ ဆောင်ရွက်ခဲ့ကြခြင်းဖြင့် ကမ္ဘာကို ရင်ပေါင်တန်းနိုင်ခဲ့ကြသည့်အပြင် ထိပ်တန်းအဆင့်သို့ပါ တက်လှမ်းနိုင်ခဲ့ကြခြင်းဖြစ်သည်။ အရေးပါဆုံးသောအချက်မှာ ဂျပန်လူမျိုးတို့၏ စိတ်အားထက်သန်စွာဖြင့် မဆုတ်မနစ်ဆောင်ရွက်တတ်ခြင်း၊ တာဝန်ဝတ္တရားကို အလေးအနက် ခံယူတတ်ခြင်းနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားခြင်းတို့ပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် အတွေးအခေါ် အယူအဆတို့အရ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အဖွဲ့အစည်းဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် ရေခံမြေခံကောင်းများ ရှိခဲ့သော နိုင်ငံဖြစ်သည်။ ဘိုးဘေးတို့ လက်ထက် သမိုင်းအစဉ်အလာအရ လူရည်လူသွေး၊ လူစွမ်းလူစတို့ မြင့်မြင့်မားမား ပြနိုင်ခဲ့ကြသည်ကို မမေ့မလျော့ နှလုံးသွင်းကာ မိမိတို့ခေတ်တွင်လည်း သမိုင်းပေးတာဝန် ကျေပွန်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း