ကင်ရှားဆား ၃၀  သြဂုတ်

ကွန်ဂိုသမ္မတနိုင်ငံတွင် အီဘိုလာရောဂါကူးစက်မှုနှုန်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း စစ်တမ်းများအရ သိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် အလည်အပတ် ခရီးသွားရောက်ရန် စီစဉ်ထားသည့်အတွက် ရောဂါကူးစက်မှုစစ်တမ်းများ ကောက်ခံခဲ့သည်။ အဆိုပါ စစ်တမ်းများတွင် အီဘိုလာရောဂါကူးစက်မှုကြောင့် သေဆုံးသူ၂၀ဝ၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

အိမ်နီးချင်း ယူဂန္ဓာနိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်မှုကြောင့် နောက်ဆုံးသေဆုံးသူမှာ ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်သည်။ အဆိုပါ မိန်းကလေးသည် ကွန်ဂိုသမ္မတနိုင်ငံသို့ သွားရောက်ကာ မကြာသေးမီက ပြန်လာခဲ့ကြောင်း သိရသည်။

အီဘိုလာရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လကစပြီး ယခုအချိန်အထိ သေဆုံးသူ ၂၀ဝ၆ ဦး ရှိခဲ့ကြောင်း ကွန်ဂိုသမ္မတနိုင်ငံ၏ ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။ ကူးစက်သူဦးရေမှာ ၃၀ဝ၄ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၉၀၂ ဦးကို ပြန်လည်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ကွန်ဂိုသမ္မတနိုင်ငံသည် အီဘိုလာရောဂါကူးစက်နှုန်း ဒုတိယအမြင့်မားဆုံး နိုင်ငံဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လိုက်ဘေးရီးယား၊ ဆီရာလီယွန်နှင့် ဂီနီနိုင်ငံများတွင် အီဘိုလာရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၁၁၀ဝ၀ ကျော်ရှိခဲ့သည်။

ကွန်ဂိုသမ္မတနိုင်ငံ အရှေ့ပိုင်းတွင် ပဋိပက္ခဖြစ်ပွားမှုများအပါအဝင် အီဘိုလာရောဂါ တိုက်ဖျက်ရေးသမားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ရောဂါထိန်းချုပ်မှု လုပ်ငန်းစဉ်များ ကြန့်ကြာလျက်ရှိကြောင်း သိရသည်။

ကိုးကား-အေအက်ဖ်ပီ၊ ဘာသာပြန်-အောင်ကျော်ကျော်