အစ္စလာမ္မာဘတ် ၃၀  သြဂုတ်

အိန္ဒိယက ကက်ရှ်မီးယားဒေသရှိ ၎င်းပိုင်ဆိုင်သော နယ်မြေအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထူးအခွင့်အရေး ပေးထားခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ကက်ရှ်မီးယားအရေးနှင့် ပတ်သက်ပြီး အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံအကြား တင်းမာမှုများ ပိုမိုမြင့်တက်လျက်ရှိခဲ့သည်။

အိန္ဒိယ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရန် ပါကစ္စတန်ပြည်သူများက လမ်းမများပေါ်သို့ထွက်ကာ ကျေနပ်မှုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းသို့ ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်ရန် ပါကစ္စတန်ဝန်ကြီးချုပ် အီမာရန်ခန်က လှုံ့ဆော်ပေးခဲ့ကြောင်း သိရသည်။

ထောင်ပေါင်းများစွာသော ပြည်သူများက ပါကစ္စတန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၏ လမ်းမများပေါ်တွင် နယူးဒေလီ၏ ကက်ရှ်မီးယားအရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်မှုအပေါ် ကန့်ကွက်ပါကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ပါကစ္စတန် ဝန်ကြီးချုပ် အီမာရန်ခန်က ၎င်းအစိုးရအနေဖြင့် ပါကစ္စတန်ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုကို ထောက်ခံပါကြောင်း မြို့တော်အစ္စလာမ္မာဘတ်ရှိ ဆန္ဒထုတ်ဖော်သူများအား ပြောကြားခဲ့သည်။

ကက်ရှ်မီးယားဒေသရှိ ပါကစ္စတန်ပိုင်ဆိုင်သော နယ်မြေပိုင်နက်ကို အိန္ဒိယက စတင်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း နိုင်ငံတကာအ သိုက်အဝန်းသို့ သတိပေးပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ် အီမာရန်ခန်က ဆိုသည်။ ယင်းသို့ အိန္ဒိယက စတင်တိုက်ခိုက်လာမည်ဆိုပါက ပါကစ္စတန်နိုင်ငံကလည်း ပြန်လည်တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် ကက်ရှ်မီးယားဒေသတွင် အကြမ်းဖက်သမားများကို နယ်စပ်ဖြတ်ကျော်မှုများ အလွယ်တကူပြုလုပ်နိုင်ရန် ကူညီပေးလျက်ရှိသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲပြောကြားခဲ့သည်။ ထို့ပြင် ပါကစ္စတန်၏ ကက်ရှ်မီးယားအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာသို့ ချပြပြောဆိုမှုများသည် လိမ်လည်ပြောဆိုခြင်းဖြစ်သည်ကို ကမ္ဘာ့နိုင်ငံများက သိမြင်ထားသည်ကို နားလည်သင့်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေဘာသာပြန်-အောင်ကျော်ကျော်