ရာမာလာ ၃၀ သြဂုတ်
ပါလက်စတိုင်း ကလေးများအတွက်ကျောင်းသုံးလွယ်အိတ်များ ဝယ်ယူပေးရန်တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ငါးသိန်း ထောက်ပံ့ပေးခြင်းအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို သြဂုတ် ၂၉ ရက်က တရုတ်နှင့် ပါလက်စတိုင်းတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ပါလက်စတိုင်းဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရုံးမှညွှန်ကြားရေးမှူး ဂွါဝေနှင့် ပါလက်စတိုင်း ဝန်ကြီးများ ကောင်စီအတွင်းရေးမှူးချုပ် အာမက်ဂါနင်မ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်းအလှူငွေကို ကျောင်းသုံးလွယ်အိတ်စီမံကိန်းဟု အမည်ပေးထားကြောင်း၊ တရုတ်၏ အလှူငွေဖြင့် ဝယ်ယူသည့် ကျောင်းသုံးလွယ်အိတ်သစ် ၁၅၀ဝ၀-၂၀ဝ၀ဝ ခန့်ကို လာမည့်သီတင်းပတ်အတွင်း အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်ဒေသရှိ ဆင်းရဲသော ကလေးငယ်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း ဂါနင်မ်က ပြောကြားသည်။
တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးပေးမှုအပေါ် ပါလက်စတိုင်းအနေဖြင့် အသိအမှတ်ပြုကြောင်း၊ အဆိုပါ ထောက်ပံ့ငွေသည် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်ဒေသရှိ အမျိုးမျိုးသော နယ်ပယ်များ၌ အခြေခံအဆောက်အအုံ၊ လူငယ်နှင့် စီးပွားရေးလုပ်ငန်း၊ အမျိုးသမီးများနှင့် စွမ်းအင်ကဏ္ဍ အပါအဝင် စီမံကိန်း ၁၂ ခုကျော် အကောင်အထည်ဖော်ရေးအတွက် တရုတ်အစိုးရက ပါလက်စတိုင်းအား ထောက်ပံ့ပေးသည့် အမေရိကန်ဒေါ်လာ ၁၅ သန်း၏ အစိတ်အပိုင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တစ်ဆက်တည်းမှာပင် တရုတ်အရာရှိဂွါဝေက အဆိုပါ အလှူငွေသည် ပါလက်စတိုင်း ကျောင်းသား ကျောင်းသူများဆိုင်ရာ ကျောင်းသုံးလွယ်အိတ် စီမံကိန်းအား အထောက်အကူပြုရန် ရည်ရွယ်ပြီး လှူဒါန်းခဲ့ခြင်းဖြစ်သလို ပါလက်စတိုင်းပြည်သူများ၏ အခက်အခဲကို သက်သာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ပါလက်စတိုင်းအရေးနှင့် ပတ်သက်၍ တရားမျှတပြီး ပြည့်စုံကောင်းမွန်သော ဖြေရှင်းချက် တစ်ခုမရမချင်း တရုတ်ပြည်သူများနှင့် အစိုးရအနေဖြင့် ပါလက်စတိုင်းပြည်သူများကို ဆက်လက်ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာဘာသာပြန် - ဂျေတီ