အော်စလို ၃၀ သြဂုတ်
ဗြိတိန်နိုင်ငံ၏ ပင်လယ်ရေပိုင်နက် ဂျီဘရော်တာတွင် (၆) ပတ်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် လွတ်မြောက်လာခဲ့သည့် အီရန်ရေနံတင်သင်္ဘောသည် လက်ဘနွန်နိုင်ငံသို့ ဦးတည်ခုတ်မောင်းနေကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မတ်ဗ်လတ်ခါဗျူဆိုလိုက သောကြာနေ့က ပြောကြားသည်။
“အဲဒီရေနံတင်သင်္ဘောဟာ တူရကီနိုင်ငံ အစ်စကန်ဒီရန်မြို့ကို ဦးတည်နေတာမဟုတ်ပါဘူး၊ လက်ဘနွန်နိုင်ငံကို ဦးတည်ခုတ်မောင်းနေတာပါ” ဟု နော်ဝေနိုင်ငံ အော်စလိုမြို့သို့ အလည်အပတ်ရောက်ရှိနေစဉ်အတွင်း မတ်ဗ်လတ်ခါဗျူဆိုလိုက အက်ဒရီယန်ဒါရာဝမ်း သင်္ဘောကို ရည်ညွှန်း၍ ပြောကြားသည်။
၎င်းသင်္ဘောသည် ဥရောပသမဂ္ဂ၏ ဆီးရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုကို ချိုးဖောက်၍ ဆီးရီးယားနိုင်ငံသို့ ရေနံစိမ်း ပို့ဆောင်ပေးနေသည်ဟု သံသယဖြစ်ခြင်း ခံရသောကြောင့် အမေရိကန်နိုင်ငံက ယင်းသင်္ဘောကိုဖမ်းဆီးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးက ယင်းသင်္ဘော၏ နောက်ဆုံး ဦးတည်ရာသည် လက်ဘနွန်နိုင်ငံဟုတ်မဟုတ် အတိအကျ ပြောကြားခြင်း မရှိပေ။
“ ကျွန်တော်တို့ကအီရန်နိုင်ငံကနေ ဓာတ်ငွေ့ဝယ်ပါတယ်၊ ဒါပေမယ့် ရေနံမဝယ်ပါဘူး၊ တူရကီနိုင်ငံက အဲဒီသင်္ဘောရဲ့ ခရီးစဉ်ကို အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ဝန်ကြီးက အလေးအနက် ပြောကြားသည်။
အမေရိကန်နိုင်ငံက ယင်းသင်္ဘောကို ထိန်းသိမ်းခွင့်ရရန်အတွက် နောက်ဆုံးအချိန်အထိ ဥပဒေအရကြိုးစား အားထုတ်မှုပြုခဲ့သော်လည်း ဗြိတိန်တရားရုံး တစ်ရုံးက ယင်းသင်္ဘောကို လွှတ်ပေးရန် သြဂုတ် ၁၅ ရက်က အမိန့်ချမှတ်ခဲ့သည်။
သုံးရက်ကြာပြီးနောက် အက်ဒရီယန်ဒါရာဝမ်း ရေနံတင်သင်္ဘောသည် အမေရိကန်ဒေါ်လာသန်း ၁၄၀ ကျော်တန်သည့် ရေနံစိမ်းစည်ပေါင်း ၂ ဒသမ ၁ သန်းကို သယ်ဆောင်လျက် မြေထဲပင်လယ် အရှေ့ဘက်ပိုင်းသို့ ထွက်ခွာသွားခဲ့သည်။ အီရန်နိုင်ငံက ရေနံများကိုရောင်းချပြီးဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့သော်လည်း ဝယ်ယူသူအမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
ကိုးကား-အေအက်ဖ်ပီဘာသာပြန်-အောင်ဇော်လင်း