၃၁ သြဂုတ်


ဟင်းချက်တယ်ဆိုတဲ့နေရာမှာ  မပါမဖြစ်က ဆီပဲလေ။ ကြော်မလား၊ ချက်မလား၊ သုပ်မလား သူမပါလို့ကို မရဘူး။  ဟင်းတစ်ခွက် အရသာ ကောင်းမွန်ဖို့ အတွက် ဆီက အရေးကြီးဆုံးဖြစ်ပေမယ့် ကျန်းမာရေး ရှုထောင့်ကကြည့်ရင်တော့ သူက ဆိုးဝါးတဲ့ အရာတစ်ခုဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တယ်ပြီး ဟင်းရွက်ဆီတွေ ပေါ်လာပါတော့တယ်။ လူတွေ  သုံးနေကြတဲ့ နာမည်ကြီး ဟင်းရွက်ဆီတွေ ဘယ်နှစ်မျိုးရှိလဲ။ သူတို့ထဲမှာ ဘယ်ဆီက ကျန်းမာရေးအတွက် အကောင်းဆုံးလဲ။ တကယ်ရော ကောင်းရဲ့လား။  


မြေပဲဆီ ။ ။


မြန်မာနိုင်ငံသားတိုင်း တစ်ညီတစ်ညွတ်တည်း ယုံကြည်ထားကြတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဆီဆို မြေပဲဆီလို့သာ ပြောရပါလိမ့်မယ်။ တကယ်လည်း မြေပဲဆီမှာ မပြည့်ဝဆီ ၅၀ ရာခိုင်နှုန်းပါပြီး ပြည့်ဝဆီ ၂၀ ရာခိုင်နှုန်းပဲပါတယ်။ မပြည့်ဝဆီ ပါဝင်မှုများတဲအတွက် မီးအပူဒဏ်ခံနိုင်ပြီး ကြော်လှော်ဖို့နဲ့ ချက်ပြုတ်ဖို့အတွက် အသင့်တော်ဆုံး ဆီတစ်ခုပါ။ ဗီတာမင် E လည်း ကြွယ်ဝစွာပါလို့ မကောင်းတဲ့ ဓာတုပစ္စည်းတွေကို ဓာတ်တိုးဆန့်ကျင်ပေးအတွက် ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ သွေးကြောကျဉ်းတာတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အင်ဆူလင်အာရုံခံနိုင်စွမ်းကို တက်စေတဲ့အတွက် ဆီးချိုသမားတွေအတွက်လည်း သင့်တော်တဲ့ ဟင်းချက်ဆီတစ်မျိုးပါ ။  


စားအုန်းဆီ။ 


စားအုန်းဆီဆိုတာ မြန်မာနိုင်ငံကလူတွေ အများဆုံး အသုံးပြုတဲ့ ဟင်းချက်ဆီ တစ်မျိုးပါ။ စားအုန်းဆီမှာ မပြည့်ဝဆီ ၈၅ ရာခိုင်နှုန်းတောင် ပါဝင်တဲ့အတွက် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးရောဂါတို့ကို ပိုဖြစ်စေပါတယ်။ ဈေးသက်သာတယ်ဆိုပေမယ့် ကျန်းမာရေးကို ထိခိုက်စေလို့ ဟင်းချက်ဖို့အတွက် မရွေးသင့်တဲ့ ဆီတစ်မျိုးပါ။


ပဲပိစပ်ဆီ။ 


တာရှည်ခံအောင်လုပ်ထားတဲ့ အစားအသောက်တွေထဲမှာ အများဆုံးတွေ့ရတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ ပဲပိစပ်ဆီမှာ ပြည့်ဝဆီ ၆၀ ရာခိုင်နှုန်းပါပြီး မပြည့်ဝဆီ ၂၃ ရာခိုင်နှုန်းပဲပါတဲ့အတွက် ကျန်းမာရေးအတွက် မသင့်တော်တဲ့ဆီတစ်မျိုးပါ။ ဒါ့အပြင် ပဲပိစပ်ဆီ အများစုကို အပူခံနိုင်အောင် ဓာတုပစ္စည်းတွေ သုံးပြီးထုတ်ထားကြတဲ့အတွက် မကောင်းတဲ့အဆီတွေ ပါဝင်မှုပိုများနိုင်တာကြောင့် ပဲပိစပ်ဆီကို ဟင်းချက်ဆီအဖြစ် မရွေးချယ်တာ အကောင်းဆုံးပါ။  ။


နေကြာဆီ။ 


နေကြာစေ့တွေနေ ထုတ်ထားတဲ့ နေကြာဆီဟာ ဗီတာမင် E ကြွယ်ဝတဲ့ ဆီတစ်မျိုးပါ။ စားပွဲတင်ဇွန်းတစ်ဇွန်းလောက်နဲ့တင် သင်တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် E ပြည့်စုံသွားပြီဖြစ်ပါတယ်။ နေကြာဆီကို high oleic, linoleic or partially hydrogenated forms ဆိုပြီး ၃ မျိုးတွေ့ရပါတယ်။ high oleic များတဲ့ နေကြာဆီမှာ မပြည့်ဝဆီတွေများတဲ့အတွက် သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးပြီး သွေးပေါင်ကို လျှော့ချပေးလို့ နှလုံးရောဂါကနေ ကာကွယ်ပေးပါတယ်။  linoleic များတဲ့ နေကြာဆီမှာဆိုရင် အိုမီဂါ ၆ ကြွယ်ဝစွာပါပါတယ်။ partially hydrogenated forms တွေများတဲ့ နေကြာဆီမှာတော့ မကောင်းတဲ့ အဆီတွေများတဲ့အတွက် သွေးတွင်းကိုလက်စရောကိုတက်စေလို့ နှလုံးရောဂါဖြစ်စေတဲ့အပြင် အင်ဆူလင်ကို အာရုံခံနိုင်စွမ်းကို ကမောက်ကမဖြစ်စေလို့ ဆီးချိုဖြစ်ပွားမှုနှုန်းကို မြင့်တက်စေပါတယ်။ ဒါကြောင့် နေကြာဆီကိုရွေးပြီး ဟင်းချက်တော့မယ်ဆိုရင် oleic များတဲ့  နေကြာဆီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။


နှမ်းဆီ။ 


နှမ်းဆီဆိုတာ အာရှသားတွေ အသုံးများတဲ့ ဟင်းချက်ဆီတစ်ခုပါ။ နှမ်းဆီမှာပါတဲ့ မွှေးတဲ့ရနံ့လေးကြောင့် တို့ဟူး၊ ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေ ကြော်စားဖို့အတွက် အလိုက်ဖက်ဆုံး ဆီတစ်မျိုးပါ။ နှမ်းဆီမှာ မပြည့်ဝဆီတွေ အများကြီးပါဝင်တဲ့အတွက်ကျန်းမာရေးနဲ့ ညီညွတ်လှတဲ့ ဆီတစ်မျိုးပါ။


သံလွင်ဆီ။ 


မပြည့်ဝဆီ ၇၅ ရာခိုင်နှုန်းပါတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံတွေထဲမှာ သံလွင်ဆီက မပါမဖြစ်ပါ ။ လေ့လာချက်တွေအရ သံလွင်ဆီဟာ ဦးနှောက်ရဲ့ မှတ်ဉာဏ်အားကို ကောင်းစေပြီး သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးပါတယ်။ တစ်ခုရှိတာက အပူဒဏ်ကို သိပ်မခံနိုင်တဲ့အတွက်ကြောင့် ဟင်းချက်မယ့်အစား အသုပ်သုပ်ဖို့အတွက် သံလွင်ဆီကို ပိုသုံးသင့်ပါတယ်။


ထောပတ်။ 


ထောပတ်ဆိုတာ အကြော်အလှော်တွေအတွက် အရသာရော၊ အနံ့ကိုရော ပြည့်စုံစေတဲ့ ဟင်းချက်ဆီ အစားသုံးလို့ရတဲ့ အရာတစ်ခုပါ။ မကောင်းတာတစ်ခုကတော့ ထောပတ်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြည့်ဝဆီတွေ အများကြီးပါတဲ့အတွက် နှလုံးရောဂါကို ပိုဖြစ်စေပါတယ်။


အုန်းဆီ။ 


အုန်းဆီဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးချင်တဲ့ လူတွေရွေးချယ်တတ်ကြတဲ့ ဆီတစ်မျိုးပါ။ အုန်းဆီမှာ medium chain triglycerides  တွေ အများကြီးပါတဲ့အတွက် စားလိုက်တာနဲ့ ကိုယ်ခန္ဓာက ချက်ချင်းသုံးစွဲပြီး လောင်စာအဖြစ် အသုံးချလိုက်တာကြောင့် ကိုယ်ခန္ဓာထဲမှာ အဆီတွေစုတာနည်းပါးသွားပါတယ်။ ဒါကြောင့်  အုန်းဆီဆိုတာ ဟင်းချက်ဖို့အတွက် အသင့်တော်ဆုံးဆီထဲမှာပါပါတယ်။ အရေးကြီးက သဘာဝအတိုင်းရတဲ့ အုန်းဆီကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေနဲ့ တာရှည်ခံအခြောက်ခံထားတဲ့ အုန်းဆီအခဲတွေကတော့ ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် ဟင်းချက်ဖို့အတွက် မသင့်တော်ပါဘူး။


ရွေးချယ်စရာ တွေများပြားလှတဲ့ ဟင်းချက်ဆီ အမျိုးမျိုးထဲကမှ ဘယ်ဟာက အကောင်းဆုံးလဲဆိုတာတော့ မရှိပါဘူး ။ ရေလုံပြုတ်ချည်းပဲ နေ့တိုင်း မစားနိုင်ကြတဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်ချင်တယ်၊ ဆီလေးလည်း ပါချင်တယ်ဆို ဆီနည်းနည်းပဲသုံးပြီး ဟင်းချက်တာကသာ အကောင်းဆုံးပါ။   


ရေးသားသူ-  Dr. Thin Yadanar @ Frances


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ-  Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”