၃၁ သြဂုတ်


ပဲနို့၊ ပဲငံပြာရည်၊ ပဲပိစပ်ဆီ ဆိုပြီး ပဲပိစပ်နဲ့ပက်သက်တဲ့ ထုတ်ထားတဲ့ ထုတ်ကုန်များစွာကို ကြားဖူး၊ စားဖူးကြမှာပါ။ ဟင်းတစ်ပွဲ ပြင်ဆင်တဲ့နေရာမှာမပါမဖြစ်ဆိုတော့ အိမ်ရှင်မတွေဆို ပိုသိမှာပေါ့။


ပဲပိစပ်ဆိုတာဘာလဲ။ 


ပဲပိစပ်ဆိုတာ ပဲအမျိုးအနွယ်ဝင်တစ်မျိုးဖြစ်ပြီး အခြားပဲအမျိုးနွယ်ဝင်တွေထက်ပိုပြီး ပရိုတင်းကြွယ်ဝတဲ့ ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကို အဆီထွက်တဲ့ ပဲအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ဒါ့ကြောင့် ပဲပိစပ်ဆီတို့၊ ပဲငံပြာရည်တို့ဆိုပြီး အများကြီးပေါ်ထွက်လာပြီး လူတိုင်းအသည်းကျော် စားစရာဖြစ်လာခဲ့တာပေါ့။ ဒါဆို လူတိုင်းကြိုက်ကြတဲ့ ပဲပိစပ်မှာ ဘယ်လို ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အချက်တွေရှိလဲ ။ ။


( ၁ ) နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးပါတယ်။ 


ပဲပိစပ်မှာပါဝင်တဲ့ အမျှင်ဓာတ်တွေက သွေးတွင်းအဆီဓာတ်ကို လျော့ကျစေပြီး သွေးကြောအတွင်းအဆီတွေ အနည်ကျခြင်းကို ကာကွယ်ပေးတဲ့အတွက်ကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာတွေကို ကာကွယ်ပေးပါတယ်။ ပါဝင်တဲ့ fatty acid တွေက သွေးပေါင်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။


( ၂ ) – ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။  


ပဲပိစပ်မှာ ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ကင်ဆာဖြစ်စေတဲ့ Free radicals လို့ခေါ်တဲ့ကိုယ်တွင်းက မကောင်းတဲ့ ဓာတုပစ္စည်းတွေကို သူက ဓာတ်တိုးဆန့်ကျင်ပြီး ကင်ဆာကို ကာကွယ်ပေးမှာပါ။


( ၃ ) – အစာခြေစနစ်ကို ကောင်းမွန်စေပါတယ် ။ 


ပဲပိစပ်မှာပါတဲ့ ကြွယ်ဝတဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်းကအဆိပ်အတောက် တွေကို စွန့်ထုတ်ပေးပါတယ်။ ဒါ့ကြောင့် ဝမ်းလျှောတဲ့သူဖြစ်ဖြစ် ၊ ဝမ်းချုပ်တတ်တဲ့သူဖြစ်ဖြစ် လေထိုးလေအောင့်ဖြစ်တတ်တဲ့သူဖြစ်ဖြစ် အစာခြေစနစ်ပြန်ကောင်းအောင်လို့ ပဲပိစပ်ကို စားပေးလို့ရပါတယ်။


( ၄ ) – အရိုးပွရောဂါကို ကာကွယ်ပေးပါသေးတယ်။


ပါဝင်တဲ့ ဇင့်၊ ကော်ပါး၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြောင့် ပဲပိစပ်က အရိုးတွေကိုသန်မာစေပြီးအရိုးပွ ရောဂါကိုတောင် အကာအကွယ်ပေးဦးမှာပါ။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင့်ပစ္စည်းတွေကလည်း အရိုးအပေါ်သက်ရောက်တဲ့ ဓာတုပစ္စည်တွေကို ဆန့်ကျင်ပေးဦးမှာပါ။


( ၅ ) – သွေးအားကောင်းစေပါတယ်။  


ပဲပိစပ်ဟာ သံဓာတ်နဲ့ ကော်ပါးဓာတ်ကြွယ်ဝတာကြောင့် သွေးနီဥထုတ်လုပ်မှုကိုအားပေးပြီး သွေးအားကောင်းစေပါတယ်။ ဒါ့အပြင် haemoglobin လို့ခေါ်တဲ့အောက်ဆီဂျင်သယ်ပေးတဲ့ သွေးနီဥဆဲလ်ထုတ်ခြင်းကိုလည်း အားပေးတာကြောင့် တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့်ရစေပါတယ်။


( ၆ ) – အိပ်ပျော်စေပါတယ်။


ပဲပိစပ်မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ သင့်ကို ညဘက်ကောင်းကောင်းအိပ်ပျော်စေမှာ ဖြစ်လို့ ညညအိပ်မပျော်တဲ့သူတွေ အားထားသင့်တဲ့ အစားအသောက်တစ်ခုနော်။


( ၇ ) – သွေးဆုံးခါနီး လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။


ပဲပိစမ်မှာပါဝင်တဲ့ isoflavones ဟာ အီစတိုဂျင်ဟော်မုန်းလိုမျိုး ဆောင်ရွက်ပေးတာကြောင့် သွေးဆုံးချိန်နည်းသွားတဲ့ အီစတိုဂျင်ဟော်မုန်းနေရာကို အစားထိုးဝင်ရောက်ပေးတာကြောင့် သွေးဆုံးချိန်ဖြစ်တဲ့လက္ခဏာတွေကို သက်သာစေပါတယ်။


( ၈ ) – ဆီးချိုကိုလည်း ထိန်းပေးပါတယ်။


ပဲပိစပ်မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ အင်ဆူလင်အာရုံခံနိုင်စွမ်းကိုမြင့်စေတာကြောင့် မြင့်တက်နေတဲ့သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်စွမ်းရှိပါတယ်။


( ၉ ) ခုခံအားကို ကောင်းမွန်စေပါတယ်။


ပဲပိစပ်မှာပါဝင်တဲ့ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်တို့ဟာ ခုခံအားကိုအားပေးပြီး ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။


ဒါ့ကြောင့် ဒီလို ကောင်းကျိုးတွေ အများကြီးရှိတဲ့ ပဲပိစပ်ဟာ လူတွေနဲ့ အသင့်တော်ဆုံး အစားအသောက်တစ်ခုပါ။  


ရေးသားသူ -  Dr. Thin Yadanar @ Frances


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”