ညောင်ဦး ၃၁ ဩဂုတ်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒုက္ခကြုံတွေ့နေရသည့် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းပေးနိုင်ရေးအတွက် ညောင်ဦးမြို့၊ ဇေယျဝတီစာသင်တိုက် ဆရာတော် ဦးအရိယ၊ ဇေတဝန်ကျောင်းတိုက် ဆရာတော် ဦးအာဒိစ္စနှင့် ပုဂံမြို့လောကနန္ဒာစာသင်တိုက် ဆရာတော် ဦးမေဃိယတို့ ဦးဆောင်မှုဖြင့် ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ်မှ ပရဟိတအဖွဲ့များက ဩဂုတ် ၃၀ ရက်၊ ည ၇ နာရီက ညောင်ဦးမြို့မှ Express မော်တော်ယာဉ်တစ်စီးဖြင့် မွန်ပြည်နယ်သို့ ထွက်ခွာသွားကြောင်း အဆိုပါ မြို့နယ်သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ် ထံမှ သိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းပေးနိုင်ရေးအတွက် ရည်ရွယ်ကာ ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ်မှ ဦးဆောင်ကာ ပရဟိတအဖွဲ့ပေါင်း(၉)ဖွဲ့ဖြင့် မြို့နယ်အတွင်း ဖျော်ဖြေရေးမော်တော်ယာဉ်များဖြင့် လိုက်လံအလှူခံခဲ့ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများမှ စိတ်အားထက်သန်စွာ လှူဒါန်းပေးခဲ့ကြပြီး အလှူငွေစုစုပေါင်း ငွေကျပ် သိန်း ၉၀ နှင့် ငွေကျပ် သိန်း ၂၀ တန်ဖိုးရှိ ဆန်၊ စားသောက်ကုန်ပစ္စည်းမျိုးစုံ၊ အဝတ်အထည်မျိုးစုံတို့ကို အလှူခံရရှိခဲ့ကြောင်းနှင့် အဆိုပါ အလှူခံရရှိသည့်အလှူငွေနှင့် ပစ္စည်းများကို သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် မြတ်ပရမီ ပရဟိတ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင် ထံမှ သိရသည်။
အလှူခံရရှိသည့် အလှူငွေနှင့် ဆန်၊ စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များကို မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအား ဩဂုတ် ၃၁ ရက်၊ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့၊ ဇေယျဝတီစာသင်တိုက် ဆရာတော် ဦးအရိယ၊ ဇေတဝန်ကျောင်းတိုက် ဆရာတော် ဦးအာဒိစ္စနှင့် ပုဂံမြို့လောကနန္ဒာစာသင်တိုက် ဆရာတော် ဦးမေဃိယ တို့ ဦးဆောင်၍ ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ်မှ ပရဟိတအဖွဲ့ဝင်များက လိုက်လံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် မြတ်ဒါန အောက်ဆီဂျင် အခမဲ့နှင့် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးခိုင်လင်းမောင်က ပြောပြ၍ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


