ဘားအံ ၃၁ ဩဂုတ်


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ  သံလွင်တံတား-ကော့ကျိုက်-ဇာသပြင်(အဖြောင့်လမ်း)ပေါ်ရှိ ပေ(၂၀) ရှိသော တံတားတစ်စင်း၏ ကမ်းကပ်ခုံမှာ အက်ကွဲနိမ့်ကျသွားသည့်အတွက် ကုန်တင်ယာဉ်ကြီးများသည် ကွင်းရှောင်လမ်းများမှ ရှောင်တိမ်းမောင်းနှင်နေကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် တံတားအထူးအဖွဲ့(၁၄)မှ ပေ(၄၀) ဘေလီသံဘောင်တံတားအား အစားထိုးတည်ဆောက်ခဲ့ပြီး ချဉ်းကပ်လမ်းကို ဘားအံခရိုင် လမ်းဦးစီးဌာနနှင့် AK BOT ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၃၀ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် တည်ဆောက်ပြီးစီး၍ ကုန်တင်ယာဉ်ကြီးများ မူလလမ်းကြောင်းအတိုင်း ဖြတ်သန်းမောင်းနှင် သွားလာနေကြပြီဖြစ်သည်။


အလားတူ သံလွင်တံတား-ကော့ကျိုက်-နောင်လုံ-အိန္ဒုလမ်းပိုင်းရှိ မြပြည်တံတားကမ်းကပ်ခုံ အက်ကွဲနိမ့်ကျမှုအား (ယာဉ်+ကုန်) ၃၆ တန်အထိ ဖြတ်သန်းသွားလာနိုင်ရန် ဘေလီသံဘောင်တံတားအား တည်ဆောက်ပြီးစီးခဲ့သဖြင့် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ သတ်မှတ်တန်ချိန်ရှိသော ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာနေပြီးဖြစ်ကာ (ယာဉ်+ကုန်) ၃၆ တန် အထက် ကုန်တင်ယာဉ်ကြီးများအား ဇာသပြင်-ကော့ကျိုက်-သံလွင်တံတား လမ်းကြောင်းအတိုင်း ဖြတ်သန်းသွားလာစေလျက်ရှိကြောင်း သိရသည်။ 


ကရင်ပြည်နယ်အတွင်း ဩဂုတ်လဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေများစီးဆင်းခြင်းနှင့် မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိခြင်းတို့ကြောင့် အဓိကဆက်သွယ်ရေးလမ်းပိုင်းအချို့ရေကျော်ခြင်း၊ လမ်းတံတားထိခိုက်မှု အနည်းငယ်ဖြစ်ပွားခြင်း၊ ကုန်တင်ယာဉ်ကြီးများ တစ်စီးနှင့်တစ်စီးရှောင်တိမ်းသွားလာရာ၌ လမ်းပုခုံသားများ ပျော့ကျခြင်း၊ နိမ့်ကျခြင်းတို့ ဖြစ်ပွားသည့်အတွက် လမ်းပိတ်ဆို့မှု့ ရက်အနည်းငယ် ဖြစ်ပွားခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် ရန်ကုန်-မြဝတီ၊ မြဝတီ-ရန်ကုန် တက်/ဆင်းမည့်(၁၃)တန်အောက် ယာဉ်ငယ်များကို ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်လမ်းအတိုင်း၊ မြဝတီမှမော်လမြိုင်-တနင်္သာရီသို့သွားမည့် ခါလီကားများနှင့် ယာဉ်ငယ်များကို ကိုးတိုင်-လှိုင်ကွယ်မှတစ်ဆင့် ချောင်းနှစ်ခွ-မုဒုံလမ်းအတိုင်း၊ ရန်ကုန်-ဘားအံမှ ကော့ကရိတ်-မြဝတီသို့တက်မည့် ကုန်တင်ယာဉ်များကို အတက်လမ်းအဖြစ် သထုံ-သံလွင်တံတား(မော်လမြိုင်)၊ ဇာသပြင်-အိန္ဒု-သာမည-ကျားကလေး-ကျုံဒိုး-ကော့ကရိတ်-မြဝတီအတိုင်း၊ မြဝတီ-ကော့ကရိတ်မှ ဘားအံ-ရန်ကုန်သို့ ဆင်းမည့်ယာဉ်များကို အဆင်းလမ်းအဖြစ် မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ကျားကလေး-ဇာသပြင်-ဘားအံ-ရန်ကုန်လမ်း အတိုင်း တစ်လမ်းစီသွားလာခဲ့ကြရာ အဆိုပါတံတား(၂)စင်းကမ်းကပ်ခုံအက်ကွဲနိမ့်ကျမှုကြောင့် မြဝတီသို့တက်မည့် ကုန်တင်ယာဉ်ကြီးများအနေဖြင့် သံလွင်တံတား- ကော့ကျိုက်-ဇာသပြင်လမ်းအစား သံလွင်တံတား-ကော့ကျိုက်-နောင်လုံတောင်ကြားလမ်းအတိုင်း၊ အဆင်းကားများအနေဖြင့်လည်း ကျားကလေး-ဇာသပြင်-အိန္ဒု-နောင်လုံတောင်ကြား လမ်းအတိုင်း လမ်းကြောင်းပြောင်းလဲမောင်းနှင်ခဲ့ကြရာမှ ယခုအခါဘေလီသံဘောင်တံတား အစားထိုးတည်ဆောက် ပြီးစီး ပြီဖြစ်သည်။


ထို့ကြောင့် ရန်ကုန်-ဘားအံမှ ကော့ကရိတ်-မြဝတီသို့တက်မည့် ၃၆ တန်နှင့်အောက်ကုန်တင်ယာဉ်ကြီးများအနေဖြင့်  သထုံ-သံလွင်တံတား(ဘားအံ)-ကော့ကျိုက်-နောင်လုံတောင်ကြား-အိန္ဒု-သာမည-ကျားကလေး-ကျုံဒိုး-ကော့ကရိတ်-မြဝတီလမ်းအတိုင်း၊ ၃၆တန်နှင့်အထက်ကုန်တင်ယာဉ်ကြီးများအနေဖြင့် သထုံ-သံလွင်တံတား(ဘားအံ)-ဇာသပြင်-အိန္ဒု- ကျားကလေး-ကျုံဒိုး-ကော့ကရိတ်-မြဝတီလမ်းအတိုင်းနှင့် မြဝတီ-ကော့ကရိတ်မှ ဘားအံ-ရန်ကုန်သို့ ဆင်းမည့်ယာဉ်များ အနေဖြင့် မူလလမ်းကြောင်းအတိုင်း စိတ်အေးချမ်းသားစွာ ဖြတ်သန်းသွားလာနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း (ပြန်/ဆက်)