ရန်ကုန် ၃၁ သြဂုတ် 


ပြည်တွင်းရှိ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးလုပ်ငန်းများတွင် နိုင်ငံခြားဖက်စပ်ကုမ္ပဏီ၂၆ ခု ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်လီ၊ လက်ကားလုပ်ငန်းများကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများကို ၂၀၁၈ ခုနှစ် မေလအတွင်းက စတင်ခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး ယင်းကဲ့သို့ ခွင့်ပြုပေးလိုက်ပြီးနောက်ပိုင်းတွင် ဝင်ရောက်လုပ်ကိုင်ကြခြင်းဖြစ်ပြီး ဦးစားပေးရောင်းချခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စု ၂၄ မျိုး သတ်မှတ်ထားခြင်းဖြစ်သည်။


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန်နှင့် လက်လီ၊ လက်ကားလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်လွယ်ကူကူနှင့် ရှင်းရှင်းလင်းလင်း လုပ်ကိုင်နိုင်ရန်အတွက် ယခင်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်များကို ပယ်ဖျက်ခြင်းများ ဆောင်ရွက်ခဲ့ရာ ယခင်အမိန့်ကြေညာစာများအောက်တွင် မှတ်ပုံတင်ထားသည့် ဖက်စပ်ကုမ္ပဏီ ၂၀ဝ ကျော်ကို တွေ့ဆုံရှင်းလင်းမှုများဆောင်ရွက်ခဲ့ပြီး ယင်းကုမ္ပဏီ ၂၀ဝ ကျော်ထဲမှ ဖက်စပ်ကုမ္ပဏီ ၂၆ ခုက ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။


“လက်လီကဏ္ဍမှာ အရင်တုန်းက နိုင်ငံခြားသားကို တစ်စိတ်တစ်ဒေသပါတာခွင့်ပြုတယ်။ နောက်တော့ အားလုံးပါအောင် ခွင့်ပြုခဲ့တယ်။ အရင်လက်လီလုပ်ငန်းနဲ့ပတ်သက်ပြီး ထုတ်ထားတဲ့အမိန့် ၇ ခုအောက်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားဖက်စပ်ကုမ္ပဏီ ၂၀ဝ ကျော်ရှိတယ်။ အဲဒီကုမ္ပဏီ ၂၀ဝ ကျော်ကို ကျွန်တော်ကိုယ်တိုင်တွေ့ပြီး  ရှင်းလင်းဆွေးနွေးတာတွေ လုပ်ပေးခဲ့ပါတယ်။အဲဒီကုမ္ပဏီ ၂၀ဝကျော်ထဲက၂၆ ခုက လက်လီ၊ လက်ကားလုပ်ငန်းအောက်မှာ ပြန်ပြီးတော့မှတ်ပုံတင် လုပ်ငန်းတွေဆောင်ရွက်နေပါပြီ” ဟု ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။


အဆိုပါ ကုမ္ပဏီများသည် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အများအပြားကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာသွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့် ရွေးချယ်ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။


လက်လီ၊ လက်ကားလုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုချက်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်ပိုင်သည့် လုပ်ငန်းများသည် လက်လီလုပ်ငန်း လုပ်ကိုင်ပါက မြေငှားရမ်းခ မပါဝင်ဘဲ အမေရိကန် ဒေါ်လာသုံးသန်းနှင့် အထက်ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး လက်ကားလုပ်ငန်း လုပ်ကိုင်ပါက အမေရိကန်ဒေါ်လာ ငါးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကာ စတုရန်းမီတာ ၉၀ဝ အထက်ရှိသည့် စူပါမားကတ် အကြီးစားများကိုသာ ဖွင့်ခွင့်ပြုမည်ဖြစ်ပြီး Convenience စတိုးဆိုင်လေးများကို ဖွင့်ခွင့်ပြုမည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။


အဆိုပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်သည့် ကုမ္ပဏီများကို သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

သူရိန်ကျော်