ရန်ကုန် ၃၁ ဩဂုတ်
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ ယနေ့နံနက် ၉ နာရီက အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးနည်းဥပဒေ (မူကြမ်း) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အိုင်အယ်လ်အို (ရန်ကုန်ရုံး)မှ Ms. Anne Boyd (Chief Technical Advisor of the TDW Project)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (UMFCCI)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) နှင့် မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF) တို့မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးခုံသမာဓိအဖွဲ့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၈၅) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအား ဇွန် ၃ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ အဆိုပါဥပဒေနှင့် ညီညွတ်သည့် နည်းဥပဒေထုတ်ပြန်ရန် လိုအပ်သဖြင့် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ နည်းဥပဒေ၌ ဥပဒေနှင့်ချိတ်ဆက်၍ ထည့်သွင်းရန်လိုသည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းပြဋ္ဌာန်းခြင်းဖြင့် အလုပ်ရှင်နှင့်အလုပ်သမားများအပြင် အများပြည်သူများပါ ရှင်းရှင်းလင်းလင်း သိရှိနားလည်၍ ဥပဒေအား စည်းကြပ်အကောင်အထည်ဖော်ရာတွင် လွယ်ကူပြီးအငြင်းပွားမှု ဖြေရှင်းရေးယန္တရားဖြင့် အချိန်တိုအတွင်းဖြေရှင်းနိုင်ရန်အတွက် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။
MDN


