ပခုက္ကူ ၃၁ သြဂုတ် 


ပခုက္ကူတက္ကသိုလ်နှင့် Fuqing International Language and Training Center(FITC) တို့ ပူးပေါင်းဖွင့်လှစ်သည့်  တရုတ်ဘာသာစကားသင်တန်းဆင်းပွဲကို သြဂုတ်လ ၃၁ ရက် နံနက် ၁၁ နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်မှ တရုတ်ဘာသာစကားသင်တန်းတက်ရောက်ကြသည့် ဆရာ/မများနှင့် ကျောင်းသား/သူများ တရုတ်ဘာသာသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ကြသည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေက နိုင်ငံခြားဘာသာစကားသင်ကြားခြင်းကြောင့်  ရရှိမည့်အကျိုး ကျေးဇူးများအကြောင်းကိုလည်းကောင်း၊ ပခုက္ကူတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာသက်လွင်က နိုင်ငံတကာတွင် တရုတ် ဘာသာစကား၏အရေးပါပုံအကြောင်း၊ ကျောင်း၏ရည်ရွယ်ချက်များနှင့်ကျောင်းသား/သူများ၏ ကျောင်းပညာရေးအပြင် အခြားသော ကာယ၊ ဉာဏ၊ စိတ္တပိုင်းဆိုင်ရာ လှုပ်ရှားမှုများအကြောင်းကိုလည်းကောင်း၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Wong Zong Yin က တရုတ်ဘာသာစကား သင်ကြား ရခြင်း၏ရည်ရွယ်ချက်များ၊ နိုင်ငံတကာဆက်ဆံရေးပညာများအကြောင်းတို့ကိုလည်းကောင်း၊ မန္တလေးတိုင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက  မြန်မာ-တရုတ်နှစ်နိုင်ငံအကြားချစ်ကြည်ရေး ဆောင်ရွက်မှုများအကြောင်း၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် တရုတ်ပညာရေးဝန်ကြီးဌာနတို့၏ ပူးပေါင်း စီစဉ်မှုဖြင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှဦးဆောင်၍ မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးစေလွှတ်မည့် အစီအစဉ်များ အကြောင်းတို့ကိုလည်းကောင်း၊ Fuqing International Language and Training Center (FITC) မှ ကျောင်းအုပ်ကြီး ဒေါက်တာဆက်တီနှင့် Confucius Classroom တရုတ်တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး Mrs.Li Yanling တို့က တရုတ်ဘာသာစကားများအကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကားသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအကြောင်း၊ တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မြင့်မားအောင် လုပ်ဆောင်နိုင်မှုအကြောင်း တို့ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။ 


ဆက်လက်၍ ပခုက္ကူတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာညိုညိုထွန်းက တရုတ်ဘာသာစကားသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးဆောင်ရွက်မှုများအကြောင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီး ပခုက္ကူတက္ကသိုလ်တွင် တရုတ်ဘာသာစကားတက်ရောက်အောင်မြင်ကြသည့် သင်တန်းသား/သူ(၁၅၁)ဦးအား  တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ 


ထိုသင်တန်းကို မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းပေါင်း(၁၆)ကျောင်းတို့တွင် သင်ကြားပြီးဖြစ်ပြီး မိခင်ဘာသာစကားအပြင် နိုင်ငံခြားဘာသာစကားများအား သိရှိနားလည်တတ်မြောက်၍ အသုံးချတတ်စေရန်၊ နိုင်ငံတကာဆက်ဆံရေးတို့တွင် အကျိုးပြုနိုင်စေရန်နှင့် တရုတ်နိုင်ငံတွင် Scholarship ပညာရပ်များသင်ကြား နိုင်စေရန်၊ နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သည့် အရည်အသွေးပြည့်ဝသည့် တက္ကသိုလ်ကျောင်းသား/သူများ ပေါ်ထွက်လာရေးတို့အတွက် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။


ဆလိုင်းကိုကီး