ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာကို အားလုံးသိကြမှာပါ။ မွေးရာပါချို့ယွင်းချက်တစ်ခုဖြစ်ပြီး ဖြစ်တဲ့သူလည်း မရှားတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်နိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒီလို ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုရော နှောင့်ယှက်နေတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ကိုယ့်ရင်သွေးလေးမှာ မဖြစ်ရလေအောင် မိဘတိုင်း ကာကွယ်ချင်ကြမှာပါ။ ခြေလက်စုံ အင်္ဂါစုံပြီး ဘာချို့ယွင်းချက်မှ  မရှိတဲ့ ရင်သွေးလေးတွေကို တောင့်တတဲ့ သူချည်းပဲ မဟုတ်လား။ ဒီတော့ အဖြစ်များတဲ့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာ ကိုယ့်ရင်သွေးကျမှ မဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲ ။ ။

နှုတ်ခမ်းကွဲ အာခေါင်ကွဲရခြင်းအကြောင်းအရင်းကို တိတိကျကျတော့ မသိကြသေးပါဘူး။ ဖြစ်နိုင်တာကတော့ မိသားစု မျိုးရိုးဗီဇရယ်၊ ကိုယ်ဝန်ဆောင်ချိန်မှီဝဲတဲ့ အစားအသောက်တွေရယ်၊ သောက်တဲ့ဆေးတွေရယ် စတဲ့အချက်တွေ ပေါင်းစပ်ပြီး ဖြစ်လာတယ်လို့ ယူဆရပါတယ်။

နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာ ပိုအဖြစ်များတဲ့ သူတွေကတော့

  • မိဘကိုယ်တိုင်နဲ့ မိသားစုထဲမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာရှိတဲ့ မျိုးရိုးက မွေးဖွားလာမယ့် ကလေးတွေ
  • ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ် အရက်သောက်တဲ့ မိခင်က မွေးဖွားလာတဲ့ကလေးတွေ
  • ဆီးချို ရောဂါရှိနေတဲ့ မိခင်က မွေးဖွားလာမယ့် ကလေးတွေနဲ့
  • အဝလွန်တဲ့ မိခင်က မွေးဖွားလာတဲ့ ကလေးတွေက အခြားကလေးတွေထက်စာရင် နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာပိုဖြစ်နိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်တုန်းက folic acid ဖြည့်စွက် အာဟာရဆေးပြားကို လုံလောက်အောင် မမှီဝဲခဲ့တဲ့အခါ
  • ကိုယ်ဝန်ကြီးနဲ့ အတက်ရောဂါကို ကုသတဲ့ဆေးတွေ သောက်နေရတဲ့အခါ
  • ကိုယ်ဝန်ဆောင်ချိန်မှာ rubella ( ဂျိုက်သိုး) ရောဂါကူးစက်ခံရတဲ့ အခါမှာလည်း နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာတွေ ရင်သွေးလေးဆီမှာ ပါလာနိုင်ပါတယ်။

ကာကွယ်လို့ရောရရဲ့လား။

နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ကလေးမှာ လုံးဝမဖြစ်အောင်လို့ ၁၀ဝ ရာခိုင်နှုန်း ကာကွယ်နိုင်တာတော့ မရှိသေးပါဘူး။ မိဘ ၂ ဦးမှာ ၁ ဦးဦးက နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာဖြစ်နေတယ်ဆိုရင် ကလေးမှာလည်း နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာဖြစ်နိုင်ချေ များပါတယ်။ ဒါပေမယ့်လည်း ဖြစ်မှာပဲ ဆိုပြီးဘာမှ မလုပ်ဘဲ ထိုင်နေမယ့်အစား မဖြစ်အောင်လို့ ကြိုတင်ကာကွယ်တဲ့ နည်းလေးတွေ လိုက်လုပ်ထားတော့ မမှားဘူးပေါ့။ ကလေးကံက ဘယ်လိုလာမလဲဆိုတာ ပြောလို့မရဘူးမဟုတ်လား။

နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ပြဿနာ ကိုယ့်ရင်သွေးလေးဆီ မရောက်အောင် ဒါလေးတွေနဲ့တားပြီး ကြိုးစားကြည့်လို့ရပါတယ်။

  • ကိုယ်ဝန်ဆောင်မယ်လို့ စပြီး စိတ်ပိုင်းဖြတ်လိုက်တည်းက folic acid တစ်နေ့တစ်လုံး မှန်မှန်သောက်သွားပါ။ folic acid သီးသန့် မသောက်ချင်ရင်တောင် folic acid အနည်းဆုံး ၄၀ဝ micrograms ပါတဲ့ အားဆေးတွေ သောက်လို့ရပါတယ်။
  • ကိုယ်ဝန်စဆောင်ပြီဆိုရင်တော့ folic acid အနည်းဆုံး ၆၀ဝ micrograms ပါတဲ့ အားဆေးပြားလေးတွေ နေ့တိုင်း သောက်ပေးဖို့လိုပါတယ်။
  • ကိုယ်ဝန်ဆောင်နေချိန် အရက်၊ ဝိုင်၊ ဆေးလိပ် အကုန်လုံးကို ရှောင်ပါ။
  • ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန် တစ်ရှိန်ထိုး တက်မလာအောင် ကြိုးစားထိန်းပါ။
  • ကိုယ်သောက်ချင်တဲ့ဆေးတွေ သောက်နေကျဆေးတွေရှိရင်လည်း ကိုယ်ဝန်ဆောင်ချိန် သောက်ဖို့ သင့်တော်မတော် ဆရာဝန်ဆီမှာ သေချာမေးပါ။
  • ကိုယ်ဝန်စရှိတည်းက သားဖွားမီးယပ်ဆရာဝန်ဆီမှာ ကိုယ်ဝန်ကို သေချာအပ်ပါ။.
  • ကိုယ့်ဆီကို ဘာရောဂါပိုးမှ မဝင်အောင်လို့ ကာကွယ်ဆေးတွေ ကြိုထိုးထားပါ။

ဒါတွေကတော့ ကိုယ့်ရင်သွေးလေးဆီမှာ  နှုတ်ခမ်းကွဲ အာခေါင်ကွဲတဲ့ ပြဿနာဖြစ်နိုင်ချေတွေ လျှော့ချလို့ရတဲ့ နည်းတွေဖြစ်ပါတယ်။ အခြားအရာတွေ မလုပ်နိုင်ဘူးဆိုရင်တောင် Folic acid ကိုတော့ သေသေချာချာ လုံလုံလောက်လောက် သောက်ပေးဖြစ်ဖို့ အရေးကြီးပါတယ်။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ မဖြစ်အောင် သူက အကာကွယ်နိုင်ဆုံး မို့ပါ။

မျိုးရိုးဗီဇကြောင့်၊ မွေးရာပါချို့ယွင်းချက်ကြောင့် ဖြစ်တာဆိုတော့ ၁၀ဝ ရာခိုင်နှုန်း ကာကွယ်ပေးမယ်ဆိုတာကို အာမမခံပေမယ့် ဒီအချက်လေးတွေ လိုက်နာထားတော့ မမှားဘူးပေါ့ ။ တကယ်လို့ရင်သွေးလေးမှာ ဒီပြဿနာ ဖြစ်လာခဲ့ရင်တောင် ငါအကောင်းဆုံး လုပ်ဆောင်ပေးခဲ့တာပဲဆိုတဲ့ စိတ်လေးက သင့်ကို သက်သာရာရစေမှာပါ။ နောက်ပြီး ခုနောက်ပိုင်း တိုးတက်လာတဲ့ဆေးပညာတွေကြောင့် ရင်သွေးလေးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတဲ့ ပြဿနာရှိတယ်ဆိုရင်တောင် ခွဲစိတ်ပြီး ပုံမှန်အတိုင်း ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့ဦး။  ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်

MDN