မိုင်းဖြတ်   ၃၁  သြဂုတ်


ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် အဖွဲ့ဝင်များသည်  ယနေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံသားတိုင်း ကောင်းမွန်သော စိတ်ဓာတ်ကို မွေးမြူရန် လိုအပ်ကြောင်း၊ အစိုးရနှင့်ပြည်သူ လက်တွဲညီညီဖြင့် ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက တိုင်းပြည်မှာ တွေ့ကြုံနေတဲ့ အခက်အခဲမှန်သမျှ ရင်ဆိုင်ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ အတွေးအခေါ် အယူအဆများ ပြောင်းလဲရန် လိုအပ်ကြောင်း၊ မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူ များထံ အချိန်မီတင်ပြရန် လိုအပ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများကလည်း သတ်မှတ်ထားသည့် အခွန်အခများကို မှန်မှန်ကန်ကန်ဖြင့် ပေးဆောင်မှသာလျှင် မိမိတို့နိုင်ငံသည် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ကြောင်းနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ များ၏ တွေ့ကြုံနေရသည့် အခက်အခဲများကို ပြေလည်အောင် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။  


ထို့နောက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က ဒေသအတွင်း လိုအပ်လျက်ရှိသော ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား စသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။


အခမ်းအနားတွင် တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူများက မိမိတို့ ရပ်ကွက်/ကျေးရွာများတွင်   လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေး၊ လျှပ်စစ်မီး၊ စိုက်ပျိုးရေ ရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာမြေ အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိများက  သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


တွေ့ဆုံပွဲ မပြုလုပ်မီ ပြည်နယ် ဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်က မိုင်းဖြတ်မြို့နယ်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နမ့်လန်းကျေးရွာ မီးလင်းရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။


သန်းထွန်းအေး(ပြန်/ဆက်)