ရန်ကုန် ၃၁ ဩဂုတ်
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေ(မူကြမ်း) ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပသည်။
ဆွေးနွေးပွဲ၌ ၂၀၁၉ ခုနှစ် ဇွန် ၃ ရက်တွင် ဒုတိယအကြိမ် ပြင်ဆင်အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့်အညီ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေ(မူကြမ်း) ထုတ်ပြန်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီနှင့် အမျိုးသား လွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ အိုင်အယ်လ်အို (ရန်ကုန်ရုံး)မှ Ms. Anne Boyd (Chief Technical Advisor of the TDW Project)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိ ကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


