ရန်ကုန် ၃၁ သြဂုတ်
ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ကျောင်းသားဟောင်းများအသင်း (MAJA)၊ Okayama တက္ကသိုလ်၊ ဂျပန်နိုင်ငံ၏ အမျိုးသားတက္ကသိုလ် (၆)ကျောင်းအစုအဖွဲ့၊ Japan Student Services Organization (JASSO) နှင့် Mitsubishi Cooperation တို့ ပူးပေါင်း ကျင်းပသည့် “Study in Japan Fair 2019” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ Novotel ဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ Okayama University မှ Vice President , Dr.Kunio Kimura က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ယနေ့ ရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုသည် အလွတ်ကျက်မှတ်သည့် အကျင့်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် စာမေးပွဲရမှတ် များများရရှိရန် သင်ယူခြင်းမျိုး မဟုတ်ဘဲ နက်နက်နဲနဲ သင်ယူပြီးရင်း သင်ယူနေသည့် တစ်သက်တာ သင်ယူခြင်းကို အားပေးလျက် ရှိပါကြောင်း၊ ၂၁ ရာစုသည် နည်းပညာခေတ် ဖြစ်သည့်အတွက် Artificial Intelligent-AI, IoT, Big data နည်းပညာများသည် အရေးကြီးပါကြောင်း၊ အရေးအကြီးဆုံး အရည်အသွေးများဖြစ်သည့် ဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စဉ်းစားဆင်ခြင် သုံးသပ်ခြင်း၊ တီထွင်ဖန်တီးခြင်း၊ ဗဟုသုတ၊ အရည်အသွေးနှင့် ကောင်းမွန်သော သဘောထားအမြင်များ ရှိရန်လည်း လိုအပ်သဖြင့် ဂျပန်နိုင်ငံ၏ အဆင့်မြင့် ပညာရေးနှင့် နည်းပညာသင်ယူမှု အခွင့်အလမ်းများဖြင့် စွမ်းဆောင်ရည် မြှင့်တင်ရန် လိုအပ်ပါကြောင်း။
ယနေ့အခမ်းအနားတွင် ဂျပန်နိုင်ငံမှ တက္ကသိုလ်များ၊ ဂျပန်ဘာသာစကား သင်တန်းကျောင်းများ၊ ပညာတော်သင်ဆုနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းနှင့် အခြားသော အဖွဲ့အစည်းများ ပါဝင်သော စုစုပေါင်း တက္ကသိုလ် အဖွဲ့အစည်းပေါင်း ၄၀ ခန့် ပါဝင်ပါကြောင်း၊ ယနေ့ရရှိသည့် အခွင့်အရေးကို ရယူလျက် မိမိတို့အနေဖြင့် မြန်မာနိုင်ငံမှ တက္ကသိုလ် ဆရာ ဆရာမများအား ဂျပန်နိုင်ငံတွင် ဂျပန် ဘာသာစကားသင်တန်း၊ မဟာတန်း၊ ပါရဂူတန်းများ၊ သင်တန်းများ တက်ရောက်ရန်၊ လေ့လာရေး ခရီးစဉ်များ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် ညီလာခံများ တက်ရောက်ရန်အတွက် ပညာသင်ဆုများ ပေးအပ်ခြင်းအတွက် ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကို အထူးကျေးဇူးတင်ရှိပါကြောင်း။
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ဝန်ထမ်းများသည် ဂျပန် အထောက်အပံ့ အကူအညီ (JDS) အစီအစဉ်ဖြစ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပညာသင်ဆု စီမံကိန်း အထောက်အပံ့ဖြင့် ဂျပန်နိုင်ငံတွင် သင်တန်း အသီးသီးကို တက်ရောက်လျက် ရှိကြပါကြောင်း၊ ယင်းအစီအစဉ်သည် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာအထောက်အကူ ဖြစ်စေပါကြောင်း၊ ထို့ပြင် ပညာရေးဝန်ကြီးဌာနနှင့် JICA တို့ ပူးပေါင်းဆောင်ရွက်သည့် JICA CREATE စီမံကိန်းအရ အခြေခံပညာကဏ္ဍမှာ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေးအတွက် JICA ၏ ကြီးမားသည့် အထောက်အပံ့ ရရှိခြင်းအတွက်ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသို့ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ခြင်း(CESR)၊ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (NESP)၊ ရေကြီးရေလျှံခံရသောကျောင်းများ ပြန်လည်တည်ဆောက်ရေး၊ STEM Project၊ အင်ဂျင်နီယာဘွဲ့ သင်တန်းများအတွက် နည်းပညာ အားဖြင့်လည်းကောင်း၊ ငွေကြေးအား ဖြင့်လည်းကောင်း ထောက်ပံ့ပေးခြင်းအတွက် JICA အား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Ichiro Maruyama က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


