ကျွန်းလှ ၃၁ သြဂုတ်   


စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ် ရေလှောင်တမံသည် နှစ်ပေါင်း (၁၈) နှစ်အတွင်း ရေဝင်ရောက်မှု စံချိန်တင် လျော့နည်းလျှက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ( ရွှေဘို)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြတ်ထွန်း ထံမှ သိရသည်။


သဖန်းဆိပ်ရေလှောင်တမံကို ၁၉၉၆  ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး  ၂၀ဝ၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။ မူးမြစ်အထက်ပိုင်းကိုပိတ်ပြီး တည်ဆောက်ထားသော ရေလှောင်တမံဖြစ်ပြီး မြန်မာပြည်တွင် အရှည်ဆုံး မြေသားတမံဖြစ်ကြောင်းသိရသည်။ သဖန်းဆိပ်ရေလှောင်တမံ ရေပြင်သည် တောင်မြောက်  ၂၂ မိုင်ခန့်ရှိပြီး   အရှေ့အနောက် အကျယ်ဆုံးနေရာသည် ၁၂ မိုင်ခန့်ကျယ်သည်။ ရေလှောင်တမံ၏ ကန်ရေပြည့် ရေပြင်ကျယ်ဧရိယာမှာ  ၁၀၆၂၀ဝ ဧကဖြစ်ပြီး ကန်ရေပြည့် သိုလှောင်နိုင်သောပမာဏမှာ ဧကပေ ၂၈ သိန်းခန့်ဖြစ်ကြောင်း သိရသည်။ သြဂုတ် ၃၀ ရက်က ရေပြင်ကျယ်ဧရိယာမှာ ဧက  ၃၀ဝဝဝ ခန့်ရှိပြီး  ရေလှောင်ပမာဏမှာ  ၅၁၈၀ဝဝ ဧကပေခန့် ရှိကြောင်း သိရသည်။


ရေလှောင်တမံတည်ဆောက်ရာတွင် ကျွန်းလှမြို့ အပါအဝင် ကျေးရွာပေါင်း  ၇၃  ရွာကို ရေဝပ်ဧရိယာလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရှိရသည်။ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု နည်းနေ၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်ရေသောက် တောင်သူများကို ရေလေလွင့်မှုမရှိစေရေးနှင့် ရေကိုခြိုးခြံချွေတာစွာဖြင့် အကျိုးရှိအောင် သုံးစွဲနိုင်စေရန်  ယခုနှစ် ဇွန်လကုန်မှစတင်၍ အသိပညာပေးမှုပြုလုပ်ခဲ့ပြီး  ရေအလှည့်စနစ်ဖြင့် ပေးဝေလျှက်ရှိကြောင်း သိရသည် ။


၂၀ဝ၄  ခုနှစ်ကလည်း ယခုနှစ်လို ရေမှတ်ကျဆင်းမှု ဖြစ်ပေါ်ခဲ့ရာ ၂၀ဝ၄ ခုနှစ် မေလကုန်က အနိမ့်ဆုံးရေမှတ်မှာ  ၄၉၈ ဒဿမ ၆၅  ဖြစ်ပြီး  ၂၀၁၉  ခုနှစ် သြဂုတ်လ ၁၄ ရက်  အနိမ့်ဆုံးရေမှတ်မှာ  ၅၀၄  ဒဿမ ၈၈ ဖြစ်ကြောင်းသိရသည်။  


မိုးသောက် (ရွှေဘို)