ဘားအံ  ၁  စက်တင်ဘာ

 

ကရင်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီ၊ ပြည်နယ်စက်ဘီးကော်မတီ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၊ HPA-AN Rider Club တို့နှင့် GTM Bike Shop Joy Trading Co.,Ltd တို့ပူးပေါင်း၍ ကြာအင်းတောင်တက် ဖိတ်ခေါ်(Mountain Bike) စက်ဘီးစီးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ဘားအံမြို့ ဗိုလ်ချုပ်လမ်း၊ ဇွဲကပင်ပလာဇာရှေ့၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ HPA-AN Rider Club မှ ဒုတိယဉက္ကဋ္ဌ ဦးတင်အောင် က ῝ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ စက်ဘီးစီးအားကစားနည်းဟာ ရှေးယခင်က တိုးတက်ထွန်းကားခဲ့တာ ရှိပါတယ်၊ အခုနောက်ပိုင်းမှာ  စက်ဘီးစီးအားကစားနဲ့ ပတ်သက်ပြီး တိုးတက်ထွန်းကားမှု အားနည်းလာတဲ့ အတွက်ကြောင့် ကရင်ပြည်နယ် အတွင်းမှာ စက်ဘီးစီး အားကစားနည်း ပိုမိုတိုးတက်လာအောင်၊ မျိုးဆက်သစ် စက်ဘီးအားကစားသမားတွေ ပေါ်ထွက်လာအောင်၊ စက်ဘီးအားကစားကို ပြည်သူလူထု ပိုမိုစိတ်ဝင်စားလာအောင်၊ နိုင်ငံကိုယ်စားပြု စက်ဘီးအားကစားသမားများ ပေါ်ထွက်လာ အောင် ရည်ရွယ်ကျင်းပရခြင်း ဖြစ်တယ်῎ ဟု ပြောသည်။

 

ပြိုင်ပွဲကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အစရှိသည့် အနယ်နယ်အရပ်ရပ်မှ စက်ဘီးစီး အားကစားသမား ၁၂၀ ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အလွတ်တန်းပြိုင်ပွဲ၊ အသက် (၄၀)နှစ်အောက်ပြိုင်ပွဲ၊ အသက်(၄၀)နှစ်အထက် ပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲဟူ၍ အမျိုးအစား(၄)မျိုးခွဲ၍ ကျင်းပရာ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က တာလွတ်ပေးခဲ့သည်။

 

ထို့နောက် ပြိုင်ပွဲအလိုက် ဆုရရှိသော စက်ဘီးအားကစားသမားများအား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ပြည်နယ်ဉပဒေချုပ် ဦးစောချစ်မြင့်လေး၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ HPA-AN Rider Club မှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြိုင်ပွဲဝင် အားကစားသမားများအား အမှတ်တရ ဂုတ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)