ကော့သောင်း ၂ စက်တင်ဘာ
မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းသဖြင့် စက်တင်ဘာလ ၁ ရက်က ကော့သောင်းမြို့နယ် ရပ်ကွက်နှင့်ကျေးရွာတစ်ချို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အဆိုပါနေ့မတိုင်မီ နံနက်ပိုင်းမှစတင်ကာ အဆက်မပြတ် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ အောင်မြန်မာကျေးရွာ၌ ကျေးရွာရေဆင်းတံတားပြိုကျမှု ဖြစ်ပွားခြင်း၊ အမက(ခွဲ)အောင်မြန်မာ၊ ကျောင်းမုန့်ဈေးတန်းပေါ်သို့ သစ်ပင်များ ကျိုးကျပိမိခြင်း၊ ချန်းဖမ်းကျေးရွာအုပ်စု၊ ချန်းဖမ်းကျေးရွာ၊ ကန်သာယာရပ်ကွက်တွင် နေအိမ်တချို့ အမိုးလန်ပျက်စီးခြင်း၊ အောင်သုခရပ်ကွက်၊ ရန်ကြီးအောင်လမ်းနှင့် နှင်းဆီ(၆)လမ်းများတွင် လမ်းဘေး အမြင့်ပေ (၂၀ဝ) ခန့် တောင်စောင်းများပေါ်မှ မြေသားထုများပြိုကျမှုဖြစ်ပွားကာ တောင်ခြေရှိ လူနေအိမ်(၅)လုံး အိမ်နောက် ဘက်ပိုင်းသို့ မြေသားများပိမိကာ ပျက်စီးဆုံးရှူံးမှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်များ ဖြစ်ပွားစဉ် ထိခိုက်ဒဏ်ရာရသူများမရှိကြောင်း သိရသည်။
ဖြစ်စဉ် ဖြစ်ပွားရာနေရာများသို့ ကော့သောင်းခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက် တာဝန်ရှိအဖွဲ့အစည်းများမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကာ မြေပြိုမှုဖြစ်ပွားခဲ့ရသည့် အိမ်များတွင် နောက်ဆက်တွဲဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် မိသားစုဝင်များအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခြင်း၊ သဘာဝဘေးစီမံခန့်ခွဲ့မှုအဖွဲ့ဝင်များမှ လိုအပ်သည့် ကယ်ဆယ်ကူညီမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်ပြည်သူများ အပျက်အစီးများအား စုပေါင်းရှင်းလင်းဖယ်ရှားမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)


