နတ်တလင်း ၂ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့သို့ စက်တင်ဘာ ၁ရက် ညနေ၅နာရီ၁၅မိနစ် က ရန်ကုန်မြို့မှစက်ခေါင်းမောင်းဦးအောင်ရွှေမောင်းနှင်လာသော စက်ခေါင်းအမှတ် DF-----၆၃ အဆန်(ရန်ကုန်-ပြည်)အဆန် တွဲ၁၃တွဲပါ စာပို့ရထားသည် နတ်တလင်းဘူတာသို့ဆိုက်ရောက်လာပြီး ခေတ္တနားကာ ပေါင်းတည်မြို့ဘက်သို့ဆက်လက်ထွက်ခွာခဲ့စဉ် ပေါင်းတည်မြို့နယ် ရထားသံလမ်း မိုင်တိုင်အမှတ် ၁၂၈/၁၈နှင့်၁၂၈/၂၂အကြား ပေါင်းတည်မြို့အဝင်တွင် ရထားလမ်းရေကျော် နေသဖြင့်နတ်တလင်းဘူတာသို့ပြန်လှည့်လာခဲ့ရကြောင်း သိရသည်။
ရထားလမ်းရေကျော်မှုနှင့်ပတ်သက်၍ရထားသံလမ်းအင်ဂျင်နီယာ-၂ ဦးအောင်မျိုးသန့်နှင့် အဖွဲ့မှ ရထားလမ်းများအား စစ်ဆေးလျှက်ရှိပြီး ခွင့်ပြုချက်ရရှိပါက ဆက်လက်ထွက်ခွာသွားမည်ဖြစ်ကြောင်း၊ ရထားသည်နတ်တလင်းဘူတာတွင်ရပ်နားထားချိန်အတွင်းခရီးသည်များအေးချမ်းစွာ နားနေနိုင်ရန် မြို့မရဲစခန်းမှ ရဲအုပ်ထွန်းထွန်းနှင့် တပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးလျှက်ရှိကြောင်းနှင့် မိမိအစီအစဉ်ဖြင့် ဆက်လက်သွားသော ခရီးသည်များအား မြို့နယ်ဟိတကာရီလူမှုကူညီရေးအသင်းမှ ကား(၄)စီးဖြင့်နီးစပ်ရာမြို့များသို့ပို့ပေးခဲ့ကြောင်းသိရသည်။
တင်မြင့် နတ်တလင်း


