ငါန်းဇွန် ၂  စက်တင်ဘာ 


မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ကျောက်တစ်လုံးကျေးရွာအုပ်စု ကျီးမင်းနိုင်ကျေးရွာရှိ ကြေးဆင်းတုလုပ်ငန်း လုပ်ကိုင်သူများ ယခုနှစ်တွင် အော်ဒါမှာယူသူများမှ မှာယူမှုများပြား လျက်ရှိသဖြင့်  အရောင်းအဝယ်ကောင်းမွန်သော်လည်း အလုပ်သမား ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း ကြေးဆင်းတု ပြုလုပ်ရောင်းချသူများထံမှ သိရသည်။


ကြေးဆင်းတုပြုလုပ်ရာတွင် မြန်မာလက်မှုပညာများဖြစ်သော ပန်း ၁၀ မျိုးလုံး၏ အတတ်ပညာများ ပါဝင်နေကြောင်း ကျီးမင်းနားကျေးရွာမှ ကြေးဆင်းထုပြုလုပ်ရောင်းချသူ ကိုတင်ထွန်းနိုင်က ဆိုသည်။


ကြေးဆင်းတု အရောင်းအဝယ်မှာ ယခုလက်ရှိအချိန်တွင် အရောင်းအဝယ်ကောင်းမွန်နေပြီး ၂၀၁၆ ခုနှစ်က အရောင်းအဝယ် မကောင်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း တစ်နှစ်ထက်တစ်နှစ် အရောင်းအဝယ် ကောင်းမွန်လာပြီး မှာယူမှု ပိုမိုများပြားလာ၍ ကြေးဆင်းတုလုပ်ကိုင်ရမှု ပိုမိုများလာတယ်လို့ ကြေးဆင်းတု လုပ်ကိုင်လာသူများထံမှ သိရသည်။


"ကျွန်တော်က တစ်လတစ်ကြိမ် / ဆယ့်ငါးရက် တစ်ကြိမ် မန္တလေးမြို့ကို သွားရောက်ပြီး ဒိုင်ဆီသွင်းပါတယ်။ တစ်ခါပို့ရင် ဆင်းတုတော်အဆူရေ ၁၅၀ နဲ ၂၀ဝ လောက် ပို့ပါတယ်။ ပို့သလောက်ရောင်းချနေရပြီး မှာယူတာနဲ့ ကိုယ်လုပ်တာနဲ့တောင် မှာယူမှုများလို့ ထုတ်တာနဲ့မမျှဖြစ်နေပါတယ်။ဒါကလည်း ထုတ်လုပ်မှုအပိုင်းက လုပ်သားအင်အားနည်းလို့ပါ" ဟု ကိုတင်ထွန်းနိုင်က ဆက်လက်ရှင်းပြသည်။


ကြေးဆင်းထုပြုလုပ်ရန် အဓိက ကုန်ကြမ်းမှာ ကြေးဖြစ်ပြီး(ကြေးဝါ) ဖယောင်း အစရှိ လုပ်ငန်းသုံးပစ္စည်းများ လိုအပ်ပြီး အဓိကကုန်ကြမ်းဖြစ်သူ ကြေး(ကြေးဝါ)ကို မန္တလေးမြို့မှမှာယူအသုံးပြုနေရကြောင်း သိရသည်။


ကျွန်မတို့က ကြေးဆင်းထုတွေကို မန္တလေးကို သွင်းရပါတယ်။ မန္တလေးကနေမှတစ်ဆင့် မြန်မာပြည် အနှံအပြားနဲ့ ပြည်ပကို ဖြန့်တာပါ။ ကျွန်မတို့က ကြေးဆင်းတုတော်တွေကို ၅ လက်မကနေ ၈ လက်မအထိ လုပ်ပါတယ်။ ဒါတွေက ရောင်းအားကောင်းတာပါ။ အော်ဒါ မှာယူသူများအကြိုက် လုပ်ရတာလည်း ရှိပါတယ်။ အရောင်းရဆုံး ကြေးဆင်းထုပုံစံများမှာ မဟာမြတ်မုနိ / လာဘမုနိ /ရှင်ဥပဂုတ္တ/ ဓမ္မစကြာ/  အလိုတော်ပြည့်/နကင်း(ဆင်စီးမြင်းရံ) စတဲ့ ကြေးဆင်းထုပုံစံ ခြောက်မျိုးလောက်ကို အများဆုံး လုပ်ကိုင်ရပါတယ်။ ကျွန်မတို့ဆီမှာ ကျေးရွာအတွင်းက ဆင်းတုတော် လာရောက်ပြုပြင်တာတွေနဲ့ အော်ဒါမှာ တာလေးတွေ ရှိတာတွေကိုလည်း လုပ်ကိုင်နေရပါတယ်" ဟု ကျီးမင်းနိုင်ကျေးရွာမှ ကြေးဆင်းထုလုပ်ငန်းရှင် ဒေါ်အေးမြသီတာဝင်းက ပြောကြားသည်။


ကြေးဆင်းထုလုပ်ငန်းတွင် ကုန်ကြမ်းမှာ ဈေးနှုန်းကြီးမြင့်မှု ရှိသော်လည်း ကြေးဆင်းထုလုပ်ငန်းများ၏ အဓိက အခက်အခဲမှာ လုပ်သားရှားပါးမှု ဖြစ်တယ်လို့ ကြေးဆင်းထု လုပ်ငန်းရှင်တွေက ဆိုပါတယ်။


ကြေးဆင်းထုလုပ်ငန်းမှာ အမျိုးသား အမျိုးသမီး ကျားမမရွေး ကလေးလူကြီးမရွေး လုပ်ကိုင်နိုင်သော လုပ်ငန်းဖြစ်သော်လည်း လုပ်သားများအား ပညာသင်ကြားပေးပြီးမှ လုပ်ငန်းခွင် ဝင်ခိုင်းရခြင်း  အရောင်းအဝယ် အော်ဒါမှာယူမှု အတတ်အကျရှိ၍ လုပ်သား အနည်းအများ လျော့နည်းမှုများ ဖြစ်လေ့ရှိကာ လုပ်သားများ အခြားလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် လုပ်သားအင်အားထိန်းသိမ်းရန် ခက်ခဲလေ့ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။


လက်ရှိအချိန်တွင် ၅ လက်မ ကြေးဆင်းထုတစ်ဆူလျင် ၉၀ဝ၀ ကျပ်ဝန်းကျင်ခန့်ရှိပြီး ကြေးဆင်းထုအရွယ်အစားနှင့် ပြုလုပ်ရသော လက်ရာပညာရပ်များ အသုံးပြုမှုပေါ်မူတည်၍ ဈေးနှုန်း အနည်းအများ မတူညီကြောင်း ကြေးဆင်းထု ဈေးကွက်မှ သိရသည်။


ဘိုဘို(မလှိုင်)