ဘားအံ   ၂  စက်တင်ဘာ 

သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်သစ်တောဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းကို ဌာနဆိုင်ရာဝန်ထမ်းများအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာတိုးပွားစေရန်၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုနားလည်လွယ်ကူမှုရှိစေရန်နှင့် ကရင်ပြည်နယ်အတွင်း ကြုံတွေ့နေရသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပြဿနာများကို ပူးပေါင်းဆွေးနွေး အဖြေရှာဖော်ထုတ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုအပ်ချက်ကို ဟန်ချက်ညီညီထိန်းညှိဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ အသိပညာပေးသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးကြည်သာလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။

သင်တန်းတွင် နည်းပြဆရာ(၈)ဦးက ပတ်ဝန်းကျင်ဆိုင်ရာစီမံအုပ်ချုပ်မှု၊ ပတ်ဝန်ကျင်ပျက်စီးမှုနည်းစေမည့် သဘာဝသယံဇာတပစ္စည်းများတူးဖော်ခြင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ သဘာဝဘေးစီမံခန့်ခွဲရေး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်၊ ကနဦးပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှုဆိုင်ရာဆန်းစစ်ခြင်း၊ စက်မှုလုပ်ငန်း များဖွံဖြိုးရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဉတုပြောင်းလဲမှု၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ အိုဇုန်းလွှာ ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ၊  ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေး၊ ပတ်ဝန်းကျင်အရည်အသွေးတိုင်းတာ ရေးကိရိယာများအကြောင်း၊ မြစ်ကြောင်းများထိန်းသိမ်းရေး၊ မိုးလေဝသနှင့်ရာသီဉတုအခြေအနေနှင့် လေထုညစ်ညမ်းမှု သိကောင်းစရာ အစရှိသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့်အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ စုစုပေါင်း သင်တန်းသား/သူ ၂၀ ဦး တက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ စက်တင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့ထိ ၅ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)